(၇၇)နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်ရွှေတော-ကော့မူးတာ-ဖြတ်လှိုင်းလမ်း ကွန်ကရစ်လမ်းသစ်ဖွင့်လှစ်

ဘားအံ မတ် ၂၅

ဘားအံမြို့နယ် ရွှေတော-ကော့မူးတာ-ဖြတ်လှိုင်းလမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို ယနေ့နံနက် ၈ နာရီခန့်က အဆိုပါလမ်းပေါ်ရှိ ကော့မူးတာအခြေခံပညာအထက်တန်းကျောင်း(ခွဲ)ခန်းမ၌ကျင်းပရာ ကရင်ပြည်နယ် ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ယခုလမ်းကို ဖွင့်လှစ် နိုင်ခဲ့ခြင်းကြောင့် ခရီးသွားပြည်သူ များ၊ နိုင်ငံခြားခရီး သွားဧည့်သည်များအနေဖြင့် ဇာသပြင်အဖြောင့်လမ်းမှ သမိုင်းဝင်မဟာ ဆဒ္ဒန်ဂူ တော်၊ ဇွဲကပင်တောင်တော်နှင့်ဇွဲကပင်ဆံတော်ရှင် စေတီတော်မြတ်ကြီးသို့ အချိန်တိုတိုနှင့် သွားရောက် လည်ပတ်ဖူးမြော်နိုင်မည်ဖြစ် ကြောင်း၊ ပြည်နယ်ချင်းဆက်လမ်းများဖြစ်သည့် ဇာသပြင် အဖြောင့်လမ်း၊ အိန္ဒု-ဇာသပြင် လမ်း၊ မြဝတီ-ဘားအံ အာရှလမ်းမကြီးတို့ နှင့် ချိတ်ဆက်ထားခြင်းကြောင့် ကျေးလက်ထုတ်ကုန်များကို ဈေးကွက်သို့ လျှင်မြန်စွာတင်ပို့ရောင်းချနိုင်သည့်အပြင် လမ်းပန်း ဆက်သွယ်ရေးလွယ်ကူချောမွေ့မြန်ဆန်ပြီး ကျေးလက်နေပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး အစရှိသည့် လူမှု စီးပွားဘဝများ ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ လမ်းများရေရှည်တည်တံ့ကောင်းမွန်စေရေးအတွက် ကျေးလက်နေပြည်သူများ က ဌာနဆိုင်ရာများ နှင့် အတူပူးပေါင်း၍ ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ကရင်ပြည်နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ) ဦးစောကျော်ဝင်းက လမ်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ကျေးလက်နေပြည်သူတစ်ဦးက ကျေးဇူးတင်စကားပြောကြားကာ ညွှန်ကြားရေးမှူး(မြို့ပြ)က လမ်းဖွင့်ပွဲအထိမ်း အမှတ်အလံများအား ပေးအပ်၍ ကရင်ပြည်နယ်ဝန်ကြီးချုပ်က ကော့မူးတာ အခြေခံပညာအထက်တန်းကျောင်း (ခွဲ)အတွက် အထွေထွေအသုံးစရိတ် ငွေကျပ်(၃)သိန်းကို ကျောင်းအုပ်ဆရာမကြီးထံ ထောက်ပံ့ပေး အပ်သည်။

ထို့နောက် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်းနှင့် ပြည်နယ် အစိုးရအဖွဲ့ဝင်များက ကွန်ကရစ်လမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးကြပြီး စုပေါင်းမှတ်တမ်း ဓါတ်ပုံရိုက်ကူး၍ လမ်းအားကြည့်ရှု စစ်ဆေးကာ ယဉ်ကျေးမှုအဖွဲ့များအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်သည်။

ယနေ့ဖွင့်လှစ်သည့် ရွှေတော-ကော့မူးတာ-ဖြတ်လှိုင်းကွန်ကရစ်လမ်းသစ်ကို ၂၀၂၁-၂၀၂၂ခု ဘဏ္ဍာရေးနှစ် (၆)လဘတ်ဂျက် ပြည်နယ် ငွေလုံးငွေရင်းရန်ပုံငွေကျပ် ၄၅၇ ဒသမ ၄၀ သန်းဖြင့် အကျယ် ၁၄ ပေရှိ ကွန်ကရစ်လမ်း တစ်မိုင်လေးဖာလုံအား Perfect Mother ကုမ္ပဏီမှ တင်ဒါအောင်မြင် ဆောင်ရွက်ခဲ့ပြီး စုစုပေါင်းလမ်းအရှည် ၃ မိုင် ၄ ဖာလုံအား ၁၀၀ ရာခိုင်နှုန်း ချိတ်ဆက်ဆောင်ရွက်ပေးနိုင်ခဲ့ ပြီးဖြစ်သည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)