(၇၇)နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဘားအံမြို့ရှောင်လမ်းဖွင့်လှစ်

ဘားအံ မတ် ၂၅

ကရင်ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေဖြင့်ဆောင်ရွက်သော ဘားအံမြို့ရှောင်လမ်းဖွင့်ပွဲကို နံနက် ၉ နာရီ ခွဲခန့်က ရဲသာ(ကမော့ကစင်) ကျေးရွာရှိ အဆိုပါလမ်းမုခ်ဦး၌ ဆက်လက်ကျင်းပရာ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ကရင်ပြည်နယ်၏ အခြေခံ အဆောက်အဦများဖြစ်သည့် လမ်း၊ တံတားများ တိုးတက်ကောင်းမွန်လာသည်နှင့်အမျှ အခြားဒေသမှစီးပွားရေး ဆိုင်ရာရင်းနှီးမြှုပ်နှံမှု များ ဝင်ရောက်လာမည်ဖြစ်ကြောင်း၊ ပြည်နယ်သူ၊ ပြည်နယ်သားများအနေဖြင့်လည်း လမ်း၊ တံတားများရေရှည်တည်တံ့ ကောင်းမွန် ရေး ဝိုင်းဝန်းထိန်းသိမ်းပေးကြဖို့ တာဝန်ရှိပါကြောင်းနှင့် ကျန်ရှိသည့်လမ်း၊ တံတား အဆင့်မြှင့်တင်ရေးလုပ်ငန်းများတွင်လည်း ပူးပေါင်းပါဝင်ကူညီပေးကြစေ လိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ)ဦးအောင်ညိုက မြို့ရှောင်လမ်းဆိုင်ရာ အချက်အလက်များအား ရှင်းလင်း တင်ပြပြီး ဒေသခံတစ်ဦးက ကျေးဇူးတင်စကားပြောကြားကာ ညွှန်ကြားရေးမှူး(မြို့ပြ)က လမ်းဖွင့်ပွဲအထိန်းအမှတ် အမှတ်တရ ပစ္စည်းများ ပေးအပ်သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များနှင့် ညွှန်ကြားရေးမှူး(မြို့ပြ)ဦးအောင်ညိုတို့က မြို့ရှောင်လမ်းအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များနှင့် ဧည့်သည်တော်များက မြို့ရှောင်လမ်းပေါ် ဖြတ်သန်း ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ဘားအံမြို့ရှောင်လမ်းကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပြည်နယ်အထွေထွေပို့လျှံငွေလုံးငွေရင်း ရန်ပုံငွေကျပ် ၇၇၃ သန်းဖြင့် ကမော့ ကစင်ကျေးရွာ ၂ ဒသမ ၇၇၅ ကီလိုမီတာမှ လှာကဒေါင်ကျေးရွာ ၅ ဒသမ ၄ ကီလိုမီတာထိ ပထမပိုင်းအနေဖြင့်စတင်ဖောက်လုပ်ခဲ့ပြီး ယခုနှစ် မီနီဘတ်ဂျက်တွင် ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေကျပ် ၁၆၈၃ ဒသမ ၇၇၅ သန်းဖြင့် ဘားအံမြို့ သံလွင်တံတားသုံးမြှောင့် လမ်းဆုံ ၀ ကီလိုမီတာမှ ကမော့ကစင်ကျေးရွာ ၂ ဒသမ ၇၇၅ ကီလိုမီတာအထိကို ဆက်လက်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ လာမည့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင်လည်း ပြည်နယ် ငွေလုံးငွေရင်း ရန်ပုံငွေကျပ် ၂၃၇၃ ဒသမ ၆၀၀ သန်းဖြင့် လှာကဒေါင်ကျေးရွာရှိ မူလ ကတ္တရာလမ်းအား ၂၄ ပေချဲ့ ခြင်း လုပ်ငန်း၊ ကျောက်လမ်းများကို ၁၈ ပေအကျယ် ကတ္တရာလမ်းခင်းခြင်း၊ ကွန်ကရစ်ခင်းခြင်း လုပ်ငန်းများ၊ ဘားအံသုံးမြှောင့်လမ်းဆုံအားလေးလမ်းသွား အဝိုင်းလမ်းဆုံအဖြစ် ဆက်လက်အဆင့် မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)