ပေါက် မတ် ၂၅
မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်တွင် ဒေသခံတောင်သူများက ရာသီမပြတ် စီးဆင်းနေသော ကျောချောင်း၊ ယောချောင်းနှင့် မြေအောက်ရေကို အကျိုးရှိစွာအသုံးချပြီး တစ်နှစ်ပတ်လုံး စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ကြကြောင်းသိရကာ ယခုနှစ် ဆောင်းရာသီတွင် စိုက်ပျိုးထားသော ကြက်သွန်နီ စိုက်ခင်းများ အချိန်အခါမဟုတ် မုန်တိုင်းမိုး ရွာသွန်းသော်လည်း ရေကြီးရေလျှံမှုနည်းပါးကာ ပျက်စီးဆုံးရှုံးမှု မရှိကြောင်း ပေါက်မြို့နယ် အတွင်းရှိ ကြက်သွန်နီစိုက်ပျိုး တောင်သူများထံမှ သိရသည်။
ပေါက်မြို့နယ်တွင် ကြက်သွန် နီစိုက်ပျိုးရေးလုပ်ငန်းများကို ယခင်က ယောချောင်း၊ ကျောချောင်းဘေး တစ်လျှောက်ရှိ သဲနှုန်း၊ ကျောက်စရစ်မြေများ ပေါ်တွင်အများဆုံး စိုက်ပျိုးလုပ်ကိုင်ကြရာ ယခုအခါတွင် မိမိတို့၏ ယာမြေများပေါ်တွင်လည်း စိုက်ပျိုးကြကြောင်း ဒေသခံတောင် သူများက ဈေးကောင်းရရှိရန်မျှော်မှန်းပြီး ဆောင်းရာသီတွင် ကြက်သွန်နီ စိုက်ပျိုးရေးလုပ်ငန်းကို အားထားစိုက်ပျိုး လုပ်ကိုင်ကြကြောင်း သိရသည်။
ပေါက်မြို့နယ်တွင် ဒေသခံတောင်သူများက ဆောင်းရာသီ ကြက်သွန်နီစိုက်ပျိုးရေးလုပ်ငန်းကို နှစ်စဉ် စီးပွားဖြစ်စိုက်ပျိုးလုပ်ကိုင်ကြသော်လည်း ယခင်နှစ်ကြက်သွန်စိုက်တောင်သူများ စျေးနှုန်းကြဆင်း၍ အရှုံးနှင့် ရင်ဆိုင်ရကြောင်း ယခုနှစ်တွင် စိုက်ပျိုးစရိတ်နှင့် မြေသြဇာ စျေးနှုန်းများမြင့်တက်၍ အနည်းငယ်သာ စိုက်ပျိုး လုပ်ကိုင်နိုင်ကြောင်း ယခုလို မိမိတို့တတ်နိုင်သည့် စိုက်ပျိုးစရိတ်ဖြင့် စိုက်ပျိုးထားသော ယောချောင်း၊ ကျောချောင်း ဘေးတစ်လျှောက်ရှိ ဆောင်းရာသီ ကြက်သွန်နီ စိုက်ပျိုးတောင်သူများ မိမိစိုက်ခင်းများကို အချိန်အခါမဟုတ် မုန်တိုင်းမိုး ရွာသွန်းမှုကြောင့် ရေမျှောပါမည်ကိုစိုးရိမ်နေကြကြောင်း ပေါက်မြို့နယ် မုန်ကုန်း ကျေးရွာမှ ကြက်သွန်နီ စိုက်ပျိုးတောင်သူများထံကသိရသည်။
ဉာဏ်တိုး(ပြန်/ဆက်)