မင်းလှမြို့၌ မီးဘေးလုံခြုံရေး အသိပညာပေးဟောပြော၍ မီးငြှိမ်းသတ်သရုပ်ပြသခြင်း ဆောင်ရွက်

မင်းလှ မတ် ၂၅

ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ် မီးသတ်ဦးစီးဌာနက မီးဘေးလုံခြုံရေး အသိပညာပေးဟောပြော၍ မီးငြှိမ်းသတ်သရုပ်ပြသ ခြင်းကို မတ်လ ၂၄ ရက် နေ့လည် ၃ နာရီချိန်က မြို့မရဲစခန်း၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာမြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးကျော်အောင်က ယခုအခါ ပူပြင်းခြောက်သွေ့သော နွေရာသီရောက်ရှိလာပြီဖြစ်၍ မီးလောင်မှုကြောင့် ပြည်သူလူထုနှင့် ဌာနဆိုင်ရာများ၏ အဆောက်အဦးပစ္စည်းများ မီးလောင်ဆုံးရှုံးမှုမရှိစေရန် ဂရုပြုကြရန်၊ မီးဘေးလုံခြုံရေးနှင့် မီးလောင်မှုဖြစ်ပွားလာပါက ဆောင်ရွက်ရမည့် အခြေအနေများကို အသိပညာပေးဆွေးနွေး ပြောကြားသည်။

ထို့နောက် မြို့နယ်ရဲတပ်တပ်ဖွဲ့မှူး၊ မြို့မရဲစန်းမှူးနှင့် တပ်ဖွဲ့ဝင်များကိုမီးလောင်မှု ဖြစ်ပွားလာပါက ကိုယ်တိုင်ဆောင်ရွက်နိုင်ရေး အတွက် ဂက်(စ်)အိုး မီးငြှိမ်းသတ်နည်း၊ မီးသတ်ဆေးဗူးဖြင့် မီးငြှိမ်းသတ်နည်း၊ ရေဖျန်းမီးငြှိမ်းသတ်နည်း၊ ရှာဖွေကယ်ဆယ်ရေး နည်းတို့ဖြင့် လက်တွေ့သရုပ်ပြ လေ့ကျင်ပြသခဲ့သည်။

အလားတူ မီးသတ်ဦးစီးဌာနကမြို့နယ် စားသုံးသူရေးရာဦးစီးဌာနရုံးတွင် မြို့နယ်တာဝန်ခံ ဦးစိန်ဝင်းနှင့် ဝန်ထမ်းများတို့ဖြင့်  မီးငြှိမ်းသတ်သရုပ်ပြသ လေ့ကျင့်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပေါက်စ (မင်းလှ)