ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် နွေရာသီအခြေခံ ပန်းချီသင်တန်း (စတုတ္ထအကြိမ်) ဖွင့်လှစ်

ဘားအံ  မတ် ၂၅

ကရင်ပြည်နယ်၊ ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ကျောင်းသား/သူများ နွေရာသီကျောင်းပိတ်ရက်များတွင် ကာယဉာဏဖွံ့ဖြိုးစေရန်၊ အရောင် များ၏ဆက်စပ်မှုများကို သိရှိစေရန်၊ ပန်းချီရေးဆွဲနည်းပညာ အား သိရှိစေရန် ရည်ရွယ်၍  စတုတ္ထအကြိမ်မြောက် နွေရာသီအခြေခံပန်းချီသင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက ဖွင့်လှစ်ခဲ့ ကြောင်း သိရသည်။

စတုတ္ထအကြိမ်မြောက် နွေရာသီအခြေခံပန်းချီသင်တန်းဖွင့်ပွဲတွင်ကရင်ပြည်နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးမောင်မောင်က လူငယ်များအတွက် ပညာရေးသည် အဓိကရည်မှန်းချက်ဖြစ်ပါကြောင်း၊ ပညာဆိုသည်မှာ  စာပေသာမက အသိပညာ၊ အတတ်ပညာ၊ အနုပညာ၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းပညာ၊ ကိန်းဂဏာန်းအတွက် အချက်ပညာ၊ စီမံခန့်ခွဲမှုပညာ၊ ဥပဒေပညာ၊ ဆေးပညာ၊ အရောင်းအဝယ်ကုန်သွယ်ပညာ စသည်ဖြင့် ပညာရပ်အမျိုးမျိုးရှိပြီး လူငယ်ဘဝ ပညာသင် ရွယ်မှစ၍  မိမိဝါသနာ၊ ဗီဇစရိုက်နှင့် ကိုက်ညီတဲ့ ရည်မှန်းချက်ကို ဆန္ဒအဓိပတိထားပြီး ကြိုးစားရမှာဖြစ်ကြောင်း အဖွင့်အမှာ စကား ပြောကြားခဲ့သည်။

ထို့နောက် ဘားအံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြား ရေးမှူးဒေါ်စိုးစိုးအေးက နွေရာသီ အခြေခံပန်းချီသင်တန်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားပြီး ပန်းချီပညာရှင် ဆရာဦးထွန်းဝင်းက ပန်းချီပညာ အကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါပန်းချီသင်တန်းတွင်  အရာဝတ္ထုမူပုံရေးဆွဲခြင်း၊ လူပုံရေးဆွဲခြင်း၊ ရှုမျှော်ခင်းပုံရေးဆွဲခြင်း၊ ရသပန်းချီရေးဆွဲခြင်း ဘာသာရပ်များ ကို (၁၅)ရက်ကြာ သင်ကြားပို့ချ‌ပေးသွားမည်ဖြစ်ပြီး ၎င်းသင်တန်းကို ဘားအံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်း သား/သူ စုစုပေါင်း (၃၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)