ငဖဲမြို့နယ်၌ လွှတ်တော်ကိုယ်စားလှယ်လောင်း ၂၀ ဦး ဝင်ရောက်အရွေးခံမည်

ငဖဲ ဩဂုတ် ၃၁

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ဝင်ရောက် ယှဉ်ပြိုင်ကြသည့် လွှတ်တော်ကိုယ်စားလှယ်လောင်းအမည် စာရင်းများကို ယမန်နေ့က မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးရှေ့ကပ်ထား ကြေညာထားရှိရာ ငဖဲမြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ်လောင်း ၂၀ ဦးဝင်ရောက်အရွေးခံမည်ဖြစ်ကြောင်းသိရသည်။

၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ငဖဲမြို့နယ်အတွင်းရှိ လွှတ်တော် ၄နေရာအတွက် ကိုယ်စားလှယ် လောင်း ၂၀ ဦးဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ရာ ပြည်သူ့လွှတ်တော် နေရာအတွက် ကိုယ်စားလှယ်လောင်း ၇ဦး၊ တိုင်းဒေသကြီး လွှတ်တော် အမှတ်(၁)နေရာအတွက် ကိုယ်စားလှယ်လောင်း ၆ဦး၊ တိုင်းဒေသကြီးလွှတ်တော်အမှတ်(၂)နေရာအတွက် ကိုယ်စားလှယ် လောင်း ၆ ဦး၊ တိုင်းဒေသကြီး လွှတ်တော်မဲဆန္ဒနယ် (ချင်းတိုင်းရင်းသားလူမျိုး)တစ်နေရာအတွက် ချင်းတိုင်းရင်းသား ကိုယ်စားလှယ် လောင်း ၁ ဦးဝင်ရောက်ယှဉ်ပြိုင်အရွေးခံမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ လွှတ်တော်နေရာများတွင် ပါတီ  ၇ ပါတီတို့မှ  ကိုယ်စားလှယ်လောင်း ၂၀ ဦးဝင်ရောက် ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း ငဖဲမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှသိရသည်။

မယု(ငဖဲ)