မင်းလှ မတ် ၂၅
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ လက်ဆက်အုပ်စု၊ စိန်ကန့်လန့်ကျေးရွာရှိ စိတ္တသုခဘုန်းတော်ကြီသင်ပညာရေး မူလတန်းလွန်ကျောင်းတိုက်တွင် အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဘွဲ့တံဆိပ်တော်ရ ဘဒ္ဒန္တဓမ္မပိယ မဟာထေရ်မြတ်အား ထပ်ဆင့်ဂုဏ်ပြုချီးမြှောက်ပူဇော်ခြင်းအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက ပြုလုပ်ခဲ့သည်။
အခမ်းအနားကိုနမောတဿ သုံးကြိမ်ရွတ်ဆိုဖွင့်လှစ်ခဲ့ပြီး၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘွဲ့တံဆိပ်တော်ရဘဒ္ဒန္တဓမ္မပီယမဟာထေရ်မြတ်ထံမှ ပရိတ်သတ်များက ငါးပါးသီလခံယူဆောက်တည်ခဲ့ကြသည်။
ဆက်လက်၍ စစ်ကွင်းမြို့ အောင်မင်္ဂလာကျောင်းတိုက်ဆရာတော်မှသမ္မောဒနိယ ဩဝါဒကထာဖြင့် ချီးမြှင့်ပူဇော်ခဲ့ပြီး၊ မြို့နယ်သာသနာရေးမှူး ဦးတင်ကိုလတ်က သာသနာရေးဆိုင်ရာများကို လျောက်ထားတင်ပြခဲ့သည်။
ထို့နောက် စိတ္တသုခကျောင်းတိုက်၊ပဓာနနာယကဆရာတော် ဘဒ္ဒန္တဓမ္မပိယအား အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘွဲ့တံဆိပ်တော်ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ရဲမှူး တင်မောင်သန်းနှင့် သာသနာရေးဦးစီးမှူးတို့က ထပ်ဆင့်ဆက်ကပ်လှူဒါန်းခဲ့သည်။
ဘွဲ့ရဆရာတော်အား မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့နှင့်ဌာနဆိုင်ရာများ၊ ဒါယကာ ဒါယိကာမများမှ လှူဖွယ်ဝတ္တုငွေများကို ဆက်ကပ်လှူဒါန်းပေးခဲ့ပြီး၊ ထေရုပ္ပတ္တိကို ဖတ်ကြားခြင်း၊ ရတုပိုဒ်စုံ၊ ထေးထပ်ကဗျာတို့ဖြင့် အသီးသီးပူဇော်ခဲ့ကြသည်။
ထို့နောက် ရေစက်သွန်းချတရားတော်များဟောကြားပြီး အခမ်းအနားပြီးဆုံးခဲ့ကြောင်း သိရသည်။
စိတ္တသုခဘုန်းတော်ကြီသင်ပညာရေး မူလတန်းလွန် ကျောင်းတိုက်ဆရာတော်အား အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘွဲ့တံဆိပ်တော်အား ၂၀၂၁ ခုနှစ်၊ မတ်လ ၂၄ ရက်နေ့က နိူင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ဆက်ကပ်လှူဒါန်းခြင်းဖြစ်ကြောင်း၊ ဘွဲ့တံဆိပ်တော်ရ မဟာထေရ်မြတ် သက်တော် (၈၃) နှစ်၊ ဝါတော်(၆၂)ဝါသည် ဗုဒ္ဓသာသနာတော် တိုးတတ်ပြန့်ပွားရေးကိစ္စရပ်များကို သယ်ပိုးထမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပေါက်စ(မင်းလှ)