ပလောက်မြို့တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာများနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနည်းလမ်း များအားနံရံကပ်ပြသ

ပလောက် မတ် ၂၅

တနင်္သာရီတိုင်းဒေသကြီး၊ ပလောက်မြို့တွင် မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြည်သူများ သဘာဝဘေး အန္တရာယ်နှင့် ရောဂါကပ်ဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာများနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနည်းလမ်းများကို ယမန်နေ့ နံနက်ပိုင်းက မြို့ပြန်/ဆက်ရုံးရှေ့ မြေစိုက်နံရံကပ်ပြဘုတ်တွင် ပြသထားကြောင်း သိရသည်။

ထိုသို့ ပြသထားရာတွင်  လတ်တလော ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော အားကောင်းသည့် လေဖိအားနည်းရပ်ဝန်း အခြေအနေကြောင့် မုန်တိုင်းဘေးအန္တရာယ်ဖြစ်ပွားနိုင်သဖြင့် မုန်တိုင်း မတိုက်ခတ်မီ ကာလအတွင်း နိုင်ငံပိုင်မီဒီယာများမှ ထုတ်ပြန်သော မိုးလေဝသသတင်းများကို စဉ်ဆက်မပြတ် နားထောင်ပြီး အကြံပြုချက်များကို လိုက်နာဆောင်ရွက်ပါ၊ အခြားသူ များကို အသိပေး၊ သတိပေးမျှဝေပါ၊ ကောလာဟလသတင်းများကို မယုံပါနဲ့၊ မိသားစုများကို အရေးပေါ်ပြောင်းရွေ့ရန် လိုအပ်ပါက ပြောင်းရွေ့ရန် စုရပ်ကို ကြိုတင်သတ်မှတ်ထားပါ၊ မိသားစုဝင်အားလုံးကို အသိပေးထားပါ၊ တစ်စုတစ်ဝေးတည်းနေစေပါ၊ အရေးပေါ်လိုအပ်နေသည့် ပစ္စည်းများနှင့် အရေးပေါ်အသက်ကယ် ပစ္စည်းများကို ကြိုတင်ပြင်ဆင်ထားပါ၊ သောက်ရေ၊ ဆေးဝါး၊ အစားစာ၊ လက်နှိပ်ဓာတ်မီးတို့ ဆောင်ထားပါ၊ စသည် မုန်တိုင်းတိုက်ခတ်ခြင်းအန္တရာယ်နှင့် ကျန်းမာရေးဆိုင်ရာ လိုက်နာဆောင် ရွက်ရန်အချက်များ၊ မိုးကြိုးအန္တရာယ်များနှင့် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးနည်းလမ်းများအား ပြသထားရှိကြောင်း သိရသည်။

နှင်းမြူလွင်