ပုသိမ် မတ်လ ၂၄
ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိဒေသထွက်ကုန်များတွင် ပြည်ပပို့ကုန်တစ်ခုအနေဖြင့် သီဟိုဠ် စျေးကွက်မှာ ရာသီသီးနှံအဖြစ် ဖေဖော်ဝါရီလကုန်ပိုင်းအချိန်မှ စတင်ကာ စျေးကွက်သို့ဝင်ရောက် လျက်ရှိပြီး မတ်လသို့ရောက်လျှင် သီဟိုဠ်စေ့များ လှိုင်လှိုင်ပေါ်သည့်အချိန်ဖြစ်သည်။ သီဟိုဠ်ရာသီချိန်မှာ မိုးမကျမီအချိန်အထိ စျေးကွက်မှာအရောင်း အဝယ်ဖြစ်၍မေလနှင့်ဇွန်လများတွင် မိုးဖြိုင်ဖြိုင် ရွာသွန်းပါက သီဟိုဠ်စေ့မှာ မိုးရေများဝင်ရောက်ပြီး အသီးမှာ မဲသွားသည့်အခါ စျေးကွက်တွင် အရောင်းအဝယ်မဖြစ်တော့ပဲ သီဟိုဠ်ရာသီချိန် ပြီးဆုံးပြီဖြစ်ကြောင်း စျေးကွက်မှ သိရသည်။
ဧရာဝတီတိုင်းဒေသကြီးအတွင်း သီဟိုဠ်စိုက်ဧကပေါင်း(၆၅၀၀၀ )ခန့်ရှိပြီး ပုသိမ်၊ မြောင်းမြ၊ဟင်္သတ၊ လပွတ္တာခရိုင်များ သီဟိုဠ် အများဆုံး စိုက်ပျိုးသည့်ဒေသများဖြစ်ကာ အများဆုံးထွက်သော ဒေသများမှာ ပုသိမ်ခရိုင်အတွင်းတွင် ပုသိမ်မြို့နယ်၊ သာပေါင်းမြို့နယ် နှင့်ငပုတောမြို့နယ် အတွင်းရှိ ပင်လယ် ကမ်း ခြေဒေသကျေးရွာများ အပြင်ချောင်းသာ၊ ငွေဆောင်ရှိဒေသများ တွင်လည်း စိုက်ပျိုး လျက်ရှိကြပြီး ပုသိမ်မြို့ပေါ်တွင် သီဟိုဠ်စေ့ဝယ်ယူသည့် ဒိုင်ပေါင်း(၅/၆)ဒိုင်ခန့်ရှိကာ ဝယ်ယူရရှိသော သီဟိုဠ်စေ့ ကုန်ကြမ်းများကို ရန်ကုန်စျေးကွက်သို့ အဓိကထားတင်ပို့၍ ရန်ကုန်မြို့ရှိ သီဟိုဠ် ခွဲစက်ရုံများမှ ကုန်ချောများထုတ် လုပ်၍ ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။
ကုန်ကြမ်းများ ဝယ်ယူကာ နှစ်ပတ်လည် သိုလှောင်ထားရှိပြီး ကုန်ချောများပြုလုပ်ကာ လစဉ်မူဆယ် မှတစ်ဆင့်တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း ယခင်နှစ်များက သီဟိုဠ်စေ့ပေါ်ချိန်တွင် တစ်ပိဿာလျှင် (၁၈၀၀/၂၀၀၀) ခန့်ဖြင့်သာအရောင်း အဝယ်ဖြစ်ပြီး ယခုနှစ် သီဟိုဠ်ပေါ်ချိန်တွင် (၃၀၀၀/၃၂၀၀) ကျပ်ဖြင့် ဝယ်ယူလျက်ရှိသောကြောင့် ယခင်နှစ်များထက် စျေးကောင်း ရရှိနေကြသောကြောင့် တောင်သူများအနေဖြင့် တွက်ချေကိုက်လျက်ရှိကြကြောင်း သိရသည်။ မတ်လ သီဟိုဠ်ပေါ်ချိန်တွင်စျေးကောင်းရရှိကာအချို့သော မြို့နယ်များရှိ စျေးကွက်များပေါ် မူတည်ပြီး စျေးနှုန်းကွာခြားမှုများ ရှိနိုင်ကြောင်း သီဟိုဠ်စေ့ အဝယ်ဒိုင်များထံမှ သိရသည်။
ခရိုင်(ပြန်/ဆက်)