ပြည်မြို့တွင် (၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များအား ပြည်သူများထံ အခမဲ့ဖြန့်ဝေ

ပြည် မတ် ၂၄

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၂၀၂၂ခုနှစ် (၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ်ထုတ်ဝေသည့် သတင်းစကား လက်ကမ်းစာစောင်များကို ပြည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံး၀န်ထမ်းများက ယမန်‌နေ့နှင့် ယနေ့နံနက်ပိုင်းတွင် ပြည်သူများထံ အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။

ထိုသို့ဖြန့်ဝေရာတွင်  ပြည်မြို့အထက(၁)၌ နှစ်ဆုံးစာမေးပွဲဖြေဆိုပြီးမြောက်သည့် မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူများထံသို့ ယမန်နေ့နံနက်ပိုင်းက လည်းကောင်း၊ ပြည်တက္ကသိုလ်ရှိ ပါမောက္ခဌာနမှူးများ၊ ဆရာ/ဆရာမများ၊ တက္ကသိုလ်ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများထံသို့ ယနေ့နံနက်ပိုင်းက လည်းကောင်း ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၀န်ထမ်းများက သွားရောက်ဖြန့်ဝေခဲ့ကြပြီး အဆိုပါလက်ကမ်းစာစောင်တွင် " (၇၇)နှစ်မြောက် တပ်မတော်နေ့ ဦးတည်ချက်များအပါအဝင် ၁၉၄၇ခုနှစ်၊ဇွန်လဆန်း၌ ဗမာနိုင်ငံလုံးဆိုင်ရာ မီးသတ်အစည်းအရုံးကြီးတွင်  ဗိုလ်ချုပ်အောင်ဆန်းပြောကြားခဲ့သည့် မိန့်ခွန်းမှကောက်နုတ်ချက်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် (၇၆)နှစ်မြောက်တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင် ပြောကြားသည့် မိန့်ခွန်းမှကောက်နုတ်ချက်၊ တပ်မတော်၏ အစဉ်အလာကောင်း(၁၂) ရပ်၊ တပ်မတော်၏ တည့်မတ်ထိန်းသိမ်း ဆောင်ရွက်လျက်ရှိသော လုပ်ဆောင်ချက်များ၊ တပ်မတော်နေ့အထိမ်းအမှတ် ဆောင်းပါး၊ ကဗျာနှင့် ဆောင်ပုဒ်များ ဖော်ပြပါဝင်သည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် တပ်မတော်နေ့အပါအဝင်  နိုင်ငံတော်၏ သမိုင်းဝင်နေ့ထူးနေ့မြတ်အခါကြီး၊ ရက်ကြီးနေ့များတွင် သတင်းစကားအမည်ဖြင့် သက်ဆိုင်ရာ အကြောင်းအရာများပါဝင်သည့် အသိပညာပေး လက်ကမ်းစာစောင်များနှစ်စဉ်ထုတ်ဝေပြီး နိုင်ငံတစ်ဝန်းရှိ ကျောင်းသားလူငယ် မောင်မယ်များနှင့် ပြည်သူများထံ အခမဲ့ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။

ကိုဆက်(ပြန်/ဆက်)