သရက် မတ် ၂၄
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့ နံနက် ၁၀ နာရီက ၂၀၂၂ ခုနှစ်၊ မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကျင်းပခဲ့ရာ ခရိုင်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများတက်ရောက်ခဲ့ကြောင်း သိရသည်။ အဆိုပါ အစည်းအဝေးတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်မျိုးလတ်က မဟာသင်္ကြန်ရေကစားမဏ္ဍပ်ကို မင်းတုန်းလမ်းရှိ အမှတ်(၁) အ-ထ-က ကျောင်းရှေ့တွင် ဆောက်လုပ်မည်ဖြစ်ပြီး ခရိုင်အဆင့်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများစုပေါင်း၍ ဆပ်ကော်မတီအလိုက် ဆောင်ရွက်သွားကြရန်၊ ပျော်ရွှင်စွာ ရေကစားကြရန်၊ ရေရရှိရေး၊ စတုဒီသာကျွေးမွေးရေး၊ နှစ်ဆန်း(၁)ရက်နေ့တွင် ပရိတ်တရာနာယူရန်နှင့် သက်ကြီးပူဇော်ပွဲများကိုလည်း ကျင်းပသွားမည် ဖြစ်ကြောင်း ဆွေးနွေး ပြောကြားခဲ့သည်။ ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး ဝင်းနိုင်ဦးက မဟာသင်္ကြန်ကာလ ဗဟိုမဏ္ဍပ်လုံခြုံရေး၊ စည်ကားသိုက်မြိုက်ရေးတို့အား ဌာနဆိုင်ရာများမှ ပူးပေါင်းဆောင်ရွက်ပေးကြရန်နှင့် သင်္ကြန်ကာလ မိမိတို့ရုံးဌာနများ လုံခြုံရေး စနစ်တကျ တာဝန်ချထားရန်ပြောကြားပြီး မြို့နယ်အုပ်ချုပ်ရေးမှူးက သင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ဘဏ္ဍာငွေရှာဖွေရေးကော်မတီ၊ ဖျော်ဖြေရေး၊ ဧည့်ခံကျွေးမွေးရေး၊ အခမ်းအနား ပြင်ဆင်ရေး ဆပ်ကော်မတီအသီးသီးဖွဲ့စည်းပြီး မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်အတွင်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ညှိနှိုင်းပြီး အောင်မြင်စွာကျင်းပ နိုင်ရေးဆောင်ရွက်သွား မည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ပါသည်။ ထို့နောက် တက်ရောက်လာသည့် ဌာနဆိုင်ရာ များ၏ တင်ပြ ဆွေးနွေးမှုအပေါ် ခရိုင်အုပ်ချုပ်ရေးမှူးက ဖြည့်စွတ်ဆွေးနွေးခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်