လွိုင်ကော်မြို့၌ မီးဘေးလုံခြုံရေးအသိပညာပေး ဟောပြောပွဲနှင့် မီးငြိှမ်းသတ်သရုပ်ပြသခြင်း ဆောင်ရွက်

လွိုင်ကော် မတ် ၂၄


ကယားပြည်နယ်၊ မီးသတ်ဦးစီးဌာနမှ ယခုအခါ ပူပြင်းခြောက်သွေ့သောနွေရာသီ ရောက်ရှိလာပြီ ဖြစ်၍ မီးလောင်မှုကြောင့် ပြည်သူလူထုနှင့် ဌာနဆိုင်ရာများ၏ အဆောက်အဦး ပစ္စည်းများ မီးလောင်ဆုံးရှုံးမှုမရှိစေရန် မီးဘေးလုံခြုံရေးအသိပညာပေး ဟောပြောပွဲနှင့် မီးငြိှမ်းသတ် သရုပ်ပြသခြင်းကို ယနေ့နံနက်(၁၀)နာရီအချိန်က လွိုင်ကော်မြို့၊ ကယားပြည်နယ် ဖွံ့ဖြိုးမှု ကြီးကြပ် ရေးရုံး၌ ကျင်းပသည်။


အခမ်းအနားတွင် ပြည်နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးခင်မောင်သန်းက မီးဘေးလုံခြုံရေး အသိပညာပေး ဟောပြောရာတွင်  မိမိတို့နေအိမ်အတွင်း ချက်ပြုတ်နေစဉ် ကာလ၌ ဆီမီးလောင်မှု ဖြစ်ပွားလာပါက ဆောင်ရွက်ရမည့် အခြေအနေများ၊ မိမိတို့အိမ်အတွင်း တပ်ဆင် အသုံးပြုလျက်ရှိသည့် လျှပ်စစ်မီးကြိုးများ ဆိုင်ရာသိကောင်းစရာများ၊ လျှပ်စစ်မီးမှ တဆင့် မီးလောင်မှုဖြစ်ပွားလာပါက ဆောင်ရွက်ရမည့် အခြေအနေများ၊ ဂက်စ်အိုးဖြင့် ချက်ပြုတ်နေစဉ်ကာလအတွင်း သတိထား ရမည့်အချက်များ၊ လောင်စာဆီမှတဆင့် မီးလောင်မှု ဖြစ်ပွားလာပါက ဆောင်ရွက်ရမည့် အခြေအနေများစသည့် မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေးလုပ်ငန်း သိကောင်းစရာများကို ရှင်းလင်းဟောပြောခဲ့သည်။


ထို့နောက် ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများကို မီးလောင်မှု ဖြစ်ပွားလာပါက ကိုယ်တိုင်ဆောင်ရွက်နိုင်ရေးအတွက် သရုပ်ပြ လေ့ကျင့်ဆောင်ရွက်ပေးရာ တက်ရောက်လာကြသည့် ဝန်ထမ်းများက ပူးပေါင်းသရုပ်ပြ လေ့ကျင့်ခဲ့ပြီး ဒုတိယညွှန်ကြားရေးမှူး ဦးခင်မောင်သန်းက ရုံးနှင့်ဝန်ထမ်း လိုင်းခန်းတို့တွင် မီးဘေးအန္တရာယ်ကင်းဝေးစေရေးအတွက် လိုက်လံစစ်ဆေး အကြံပြု ခဲ့ကြောင်း သိရသည်။


အဆိုပါ အခမ်းအနားသို့ ကယားပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ညွှန်ကြားရေးမှူး ဦးသန့်ဇင် နှင့် ဝန်ထမ်းများ  စုစုပေါင်း ၃၀ ဦးတက်ရောက်ကြ​ကြောင်းသိရသည်။

 

ကိုဇင်(လွိုင်ကော်)