မင်းလှမြို့၌ ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောတည်ထောင်ခြင်း သင်တန်းဖွင့်လှစ်

အထက်မင်းလှ      မတ် ၂၄

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်သစ်တောဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် မြန်မာပြည်သစ်တောများ ပြန်လည် ထူထောင်ရေး (MRRP) အထောက်အကူပြု ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောတည်ထောင်ခြင်း သင်တန်းအမှတ်စဉ်(၃)ဖွင့်ပွဲကို ယနေ့နံနက် ၈ နာရီခွဲက မင်းလှမြို့ရုံးရပ် တောင်ရပ်ကွက်၊ လယ်ပြင်ဘုန်းတော်ကြီး ကျောင်း၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် မင်းလှမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်က သင်တန်းဖွင့်အမှာစကားပြောကြားပြီး၊ သရက်ခရိုင်သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဦးဌေးလှိုင်က ဒေသခံအစုအဖွဲ့ပိုင် သစ်တောတည်ထောင်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မင်းလှမြို့နယ်သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိန်ကျော်ငွေက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များနှင့် သင်တန်းတွင်ပို့ချပေးမည့် သင်ခန်းစာများအား ရှင်းလင်းပြောကြားခဲ့ သည်။

အဆိုပါ ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောတည်ထောင်ခြင်း အမှတ်စဉ် (၃)သင်တန်းတွင် မင်းလှမြို့နယ်အတွင်းရှိ ကျေးရွာ(၉) ရွာမှ သင်တန်းသား(၂၀)ဦးအား မတ်လ(၂၄)ရက်နေ့မှ (၂၈)ရက် နေ့အထိ ငါးရက်ကြာ သင်တန်းဖွင့်လှစ်ပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)