ဒေးဒရဲမြို့၌ (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များ ဖြန့်ဝေ

ဒေးဒရဲ မတ် ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများက (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့နံနက် (၁၀)နာရီက လူစည်ကားရာ နေရာများ၊ စျေးရောင်း စျေးဝယ်သူများနှင့် ရပ်ကွက်များရှိ ပြည်သူများထံ အခမဲ့ လိုက်လံဖြန့်ဝေခဲ့ကြောင်း သိရသည်။

အဆိုပါ သတင်းစကား လက်ကမ်းစာစောင်တွင် (၇၇)နှစ်မြောက် တပ်မတော်နေ့ ဦးတည်ချက်များ၊ ၁၉၄၇ ခုနှစ် ဇွန်လဆန်း၌ ဗမာနိုင်ငံလုံးဆိုင်ရာ မီးသတ်အစည်းအရုံးကြီးတွင် ဗိုလ်ချုပ်အောင်ဆန်း ပြောကြားသည့် မိန့်ခွန်းမှ ကောက်နုတ်ချက်၊ တပ်မတော်၏ အစဉ် အလာကောင်း (၁၂)ရပ်၊ (၇၆)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာ သရေစည်သူ မင်းအောင်လှိုင် ပြောကြားသည့် မိန့်ခွန်းမှ ကောက်နုတ်ချက်၊ ကဗျာ၊ ဆောင်းပါးနှင့် ဆောင်ပုဒ်များ အစရှိသည့် အကြောင်းအရာများ ပါဝင်သည့် လက်ကမ်း စာစောင်များကို လိုက်လံဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။

အေဇာလင်း