တောင်ငူ၌ ကိုဗစ်- ၁၉ ရောဂါ ကြိုတင် ကာကွယ်  ထိန်းချုပ် ကုသနိုင်ရေးအတွက် ကြိုတင် ပြင်ဆင်မှု လုပ်ငန်းများ ဆောင်ရွက်ရန် ညှိနှိုင်းဆွေးနွေး

တောင်ငူ သြဂုတ် ၃၁

တောင်ငူမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ယနေ့နံနက်ပိုင်းက ကိုဗစ်-၁၉ အရေးပေါ် ထိန်းချုပ်ရေးနှင့် တုံ့ပြန်ရေး ကော်မတီမှ  ဌာနဆိုင်ရာများ ၊ ရပ်ကွက်နှင့် ကျေးရွာ အုပ်ချုပ် ရေးမှူးများနှင့် တွေ့ဆုံကာ တောင်ငူမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ဆက်လက်ပြန့်ပွားမှု မရှိစေရေး အတွက် ကြိုတင်ပြင်ဆင်ထားရှိဆောင်ရွက်ရမည့် ကိစ္စများနှင့် ပတ်သက်၍ ညှိနှိုင်း ဆွေးနွေးပွဲ ပြုလုပ်သည်။

တောင်ငူမြို့နယ်အတွင်း ကိုဗစ် -၁၉ အတည်ပြုလူနာ လူနာအမှတ် (၆၀၆ ) တစ်ဦးတွေ့ရှိပြီး နောက်ပိုင်း ကိုဗစ်-၁၉ ကူးစက်ရောဂါ မဖြစ်ပွားစေရန် ရည်ရွယ်၍ မြို့တွင်း စားသောက်ဆိုင်များ ၊ လက်ဖက်ရည်ဆိုင်များ ၊ လမ်းဘေး စားသောက်ဆိုင်များအားလုံး သြဂုတ်လ ၂၉ ရက်မှ စက်တင် ဘာလ ၁၂ ရက်နေ့အထိ ဆိုင်ထိုင်စားသုံးခြင်း လုံးဝ(လုံးဝ) မပြုလုပ်ရန် ၊ အဆိုပါ ရောင်းချ ဆိုင်များအားလုံး နံနက် ၆ နာရီမှ ည ၉ နာရီအထိသာ ပါဆယ်စနစ်ဖြင့်ရောင်းချရန် ၊ လိုက်နာမှု မရှိသည့်ဆိုင်များအား ဆိုင်ပတ်သိမ်းခြင်း အထိ ဆောင်ရွက်သွားရန်၊ စျေးဆိုင် ၊ စျေးများအားလုံး စျေးရောင်း စျေးဝယ်ပြုလုပ်ကြသူများ မဖြစ်မနေ နှာခေါင်းစည်းများ တပ်ဆင်ပြုလုပ်ကြရန်၊ အားကစား သင်တန်းများ၊ ပညာရေးနှင့် ပတ်သက်သည့် သင်တန်းများ ၊ ဘိလိယက်ခုံများ ၊ ကလေးကစားကွင်းများ၊ ရေကူးကန်များအားလုံး ပိတ်သိမ်းထားရှိရန်၊ KTV ဆိုင်များအားလုံး ပိတ်ထားရန်၊ ဘာသာရေးကျောင်းသား၊ ဘုရားဝတ်ပြုဆုတောင်းခြင်းများ ကျန်းမာရေး ဝန်ကြီး ဌာန၏ ညွှန်ကြားချက်နှင့်အညီတိကျစွာ ဆောင်ရွက်ကြရန်၊ မြို့တွင်းသို့ ဝင်ရောက်သည့် ခရီးသည်တင် ယာဉ်များ အားလုံး လမ်းပိုင်းတွင် ခရီးသည်တင်ချမပြုလုပ်စေရန်နှင့် သက်ဆိုင်ရာ ဂိတ်များရောက်မှသာ အတင်အချပြုလုပ်စေရေး၊ ဆိုက်ကားဂိတ်၊ ကားဂိတ်များတွင် လူစုလူဝေးများ မဖြစ်ပေါ်စေရေး၊ စိုက်ဘဏ်ချေးငွေများ ၊ ပြင်ပအသေးစား ချေးငွေလုပ်ငန်းများ၌ ရောဂါ ကာကွယ်ရေးနှင့်အညီဆောင်ရွက်ကြရန်၊ ဘုံဆွမ်းလောင်းလှူရာ၌ တန်းဆွမ်းလောင်းခြင်း မပြုစေဘဲ  သက်ဆိုင်ရာ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းချိုင့်စနစ်ဖြင့်သာ လှူဒါန်းနိုင်ရေး၊ စျေးဝယ်စင်တာများ၌ ရောဂါကာကွယ်ရေးနည်းလမ်းများအား တိကျစွာ ဆောင်ရွက်သွားနိုင်ရေး၊ ဌာနဆိုင်ရာများ အားလုံး ရုံးဝင် ရုံးထွက်များ အား စိစစ်ရန်နှင့် ကြိုတင်ကာကွယ်ရေး နည်းလမ်း များအတိုင်း ဆောင်ရွက်သွားကြရန် ၊ မြို့တွင်းသို့ ပြန်လည်ရောက်ရှိလာသည့် နိုင်ငံရပ်ခြားမှ နေရပ်ပြန်များအား  အမှတ် ၁၄ ရပ်ကွက် သာသနာ့ဗိမာန်ဟောင်း တွင်ထားရှိရန်၊ ရခိုင်ပြည်နယ်မှ ပြန်လည်ရောက်ရှိသူများအား ကေတုမတီမြို့သစ် ၊ သီတဂူဗုဒ္ဓတက္ကသိုလ်၌ ထားရှိဆောင်ရွက်ရန် ၊ အမှတ်၇ ရပ်ကွက် ပညာရေး ကောလိပ် (ဟောင်း) အဝင်အထွက် ပိတ်သိမ်းထားရှိရန်၊ မြို့နယ် အတွင်း ညမထွက်ရ အမိန့်အား ထုတ်ပြန်ထားရှိပြီး အများပြည်သူသိရှိစေရေး အသံချဲ့စက်ဖြင့် ကျယ်ကျယ်ပြန့်ပြန့် အသိပေးဆောင်ရွက်ကြရန် ၊ ပြည်သူများ အနေဖြင့် မလိုအပ်ပဲ အပြင် မထွက်စေရေး၊ မဖြစ်မနေအပြင်သို့ထွက်ရှိပါက စနစ်တကျ နှာခေါင်းစည်းများ တပ်ဆင် ကြရန်နှင့်  လိုက်နာဆောင်ရွက်ခြင်းမရှိပါက ကူးစက်ရောဂါ ကာကွယ်နိုင်နှင်းရေး ဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးအတွက် အသိပေး ဆောင်ရွက်ခြင်းများ ပြုလုပ်သွားကြရန် ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။

ဇော်ထက် (တောင်ငူ)