ကျိုက်လတ် မတ် ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် မန္တလေးဗုဒ္ဓတက္ကသိုလ်၏ ပညာရေး ဌာနခွဲ၊ ဇဝနဗုဒ္ဓအကယ်ဒမီ၏ တတိယအကြိမ်မြောက် Diploma Certificate ပေးအပ်ပွဲကို ယမန်နေ့ ညနေ(၄)နာရီက ဇဝနဗုဒ္ဓအကယ်ဒမီဝန်းအတွင်းရှိ ပညာဝေပုလ္လ စာကြည့်တိုက်ခန်းမတွင် ကျင်းပခဲ့သည်။ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို၍ စတင်ဖွင့်လှစ်ခဲ့ပြီး ဇဝနဗုဒ္ဓအကယ်ဒမီ အဓိပတိ ဆရာတော်ကြီးဘဒ္ဒန္တဇဝနဝံသမဟာထေရ်က ရှေးဦးစွာဝမ်းမြောက်ကြောင်း စကားမိန့်ကြားပေး တော်မူခဲ့သည်။ ဆက်လက်၍ ဇဝနဗုဒ္ဓအကယ်ဒမီ၏ အနုနာယက ဘုန်းတော်ကြီး ဦးကုသလ၊ မန္တလေးဗုဒ္ဓတက္ကသိုလ်နှင့် ထားဝယ်ဗုဒ္ဓကောလိပ်တို့မှ မော်ကွန်းထိန်းဆရာတော်များ၊ ရန်ကုန်ဗုဒ္ဓ တက္ကသိုလ်(ရွှေပြည်သာ)မှ ဒုတိယပါမောက္ခချုပ်ဆရာတော်နှင့် အောင်ဗုဒ္ဓကောလိပ်၏ တာဝန်ခံ ဆရာတော်တို့ကလည်း ဗုဒ္ဓသာသနာတော်ကြီး အဓွန့်ရှည်စေရန် ဆက်လက်ထိန်းသိမ်းပြီး တန်ဖိုးထားတတ်စေရန် တို့အတွက် ဝမ်းမြောက်ကြောင်းစကားများကို မိန့်ကြားခဲ့ကြသည်။ တစ်ဖန် ဇဝနဗုဒ္ဓအကယ်ဒမီ အကျိုးတော်ဆောင်အဖွဲ့၏ နာယကကြီး ဦးစိန်ကြည်ကလည်း ဝမ်းမြောက် ကြောင်းစကား လျှောက်ထားခဲ့သည်။
ထို့နောက် ဆရာတော်ကြီး ဘဒ္ဒန္တဇဝနဝံသမဟာထေရ်က ၁၃၈၂-ခု ပညာသင်နှစ်ဆိုင်ရာ Diploma Certificate ခံယူကြမည့် သံဃာတော်များနှင့် သင်တန်းသား၊ သင်တန်းသူများအား Certificate များကိုလည်းကောင်း၊ ၁၃၈၂-ခု၊ နိကာယ်စာမေးပွဲ၌ဝိနည်း(၅)ကျမ်းကို တစ်နှစ်တည်းအပြီး အောင်မြင်ခဲ့သော ရှင်ရေဝတအားဂုဏ်ပြုလက်မှတ်ကို လည်းကောင်းပေးအပ်ခဲ့သည်။ Diploma Certificate လက်ခံကြသည့်သက်ဆိုင်ရာအတန်းများမှ သံဃာတော်(၂)ပါးနှင့် သင်တန်းသား (၁)ဦးတို့က ပြန်လည်၍ ကျေးဇူးတင်စကား လျှောက်ထားခဲ့ကြသည်။ ယခု ပညာသင်နှစ်တွင် Advanced Dip in P.S.E Certificate ကိုသံဃာတော်(၁၂)ပါး၊ သင်တန်းသား(၄)ဦး၊ သင်တန်းသူ(၅)ဦး၊ Dip in P.A.B.E Certificate ကို သံဃာတော်(၃၇)ပါး၊ ဝိဇ္ဇာလယာ လင်္ကာရ ပထမနှစ် Certificate ကိုသံဃာတော်(၄)ပါး တို့ကရရှိခဲ့ ပြီး အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုပြီးမြောက်ခဲ့ကြောင်း သိရသည်။
ရီရီမြင့်