သာယာဝတီ မတ် ၂၄
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ မျိုးကွဲသစ် အိုမီခရွန် (Omicron) ဖြစ်ပွားမှုမှ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ဆေးထိုးအဖွဲ့များက ကိုဗစ်-၁၉ရောဂါ ကာကွယ် ဆေးနှစ်ကြိမ် ထိုးနှံထားပြီးသော ပြည်သူများ(၃၅၀)ဦးအား (Booster Dose) ထပ်ဆောင်း ထိုးနှံပေးခြင်းကို ယနေ့ နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် သာယာဝတီမြို့နယ်၊ သုံးဆယ်မြို့ရှိ မြို့ပေါ်ရပ်ကွက်များ၌ ထိုးနှံပေးလျက်ရှိသည်။
ယင်းသို့ (Booster Dose) ထပ်ဆောင်းထိုးနှံခြင်းတွင် ကျန်းမာရေးဝန်ထမ်းများ၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများ ပူးပေါင်း၍ ကာကွယ်ဆေးထိုးနှံရန် လာရောက်သူများကို အမည်စာရင်း ကောက်ယူစာရင်းသွင်းခြင်း၊ ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ ဆေးမထိုးနှံမီ ဆောင်ရွက် ရမည့်လုပ်ငန်းများ ဆောင်ရွက်ကြပြီး၊ ပုံမှန်အနေအထားရှိမှသာ ကာကွယ်ဆေးထိုးနှံပေး၍ ကာကွယ်ဆေးထိုးနှံပြီးသူများကို မိနစ်(၃၀)ခန့် အနားယူစေရန် စီစဉ်ဆောင်ရွက်ပေးလျက်ရှိပြီး၊ ယနေ့ ထိုးနှံပေးသည့် ကာကွယ်ဆေးအမည်မှာ (COVAXIN) ကိုဗစ်ရောဂါ ကာကွယ်ဆေးဖြစ်ပြီး၊(Booster Dose)ထပ်ဆောင်းဆေးထိုးရန် ကျန်ရှိသူများကိုလည်း ဆေးထိုးစုရပ်များတွင် ဆက်လက်ထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သန့်ဇော် (သာယာဝတီ)