တမူးမြို့တွင် (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များ ဖြန့်ဝေ

တမူး မတ် ၂၄

စစ်ကိုင်းတိုင်းဒေသ​​ကြီး၊ တမူးမြို့တွင် ၂၀၂၂ ခုနှစ် မတ်လ(၂၇)ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့ နံနက် ၉ နာရီက ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ထိုသို့ဖြန့်ဝေရာတွင် တမူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သန်းထိုက်အောင်နှင့် ဝန်ထမ်းများမှ မြို့မစည်ပင်သာယာစျေးရှိ စျေးရောင်း/ စျေးဝယ်သူများ၊ လူစည်ကားသည့် လမ်းများနှင့် စျေးဆိုင်များ၊ ဌာနဆိုင်ရာရုံးများတို့တွင် အများပြည်သူများ လေ့လာဖတ်ရှု နိုင်ရန်အတွက် ဖြန့်ဝေပေးခဲ့သည်။

အဆိုပါ သတင်းစကား လက်ကမ်း စာစောင်တွင်(၇၇)နှစ်မြောက် တပ်မတော်နေ့ ဦးတည်ချက်များ၊ တပ်မတော်၏ အစဉ်အလာကောင်း(၁၂)ရပ်၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် (၇၆)နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားတွင် ပြောကြားသည့်မိန့်ခွန်းမှ ကောက်နုတ်ချက်များ၊ တပ်မတော်အင်အားရှိမှ တိုင်းပြည် အင်အားရှိမည်၊ ကာကွယ်စောင့်ရှောက် သွားမည်သာ၊ အသက်သွေးချွေး စဉ်မနှေးပေးဆပ်သည်မှာ တပ်မတော်ပါ၊ နွေအလှ၊ တပ်မတော်သည် အမျိုးသားရေးကို ဘယ်တော့မှ သစ္စာမဖောက် စည့်ကဗျာများ၊ ဆောင်ပုဒ်များ၊ ကာတွန်းများဖြင့် ဝေဝေဆာဆာ ဖော်ပြထားသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန တမူးခရိုင်ရုံးမှ   အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များ လိုက်လံဖြန့်ဝေသည့်အပြင် အများပြည်သူများ လေ့လာဖတ်ရှုနိုင်ရန် ပြည်သူ့စာကြည့်တိုက်တွင် လည်းထားရှိထားကြောင်း သိရသည်။

ရတနာ