ပြည်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရေးအတွက် နှာခေါင်းစည်း(mask) တပ်ဆင်ရေး လှုပ်ရှားမှုများ စဉ်ဆက်မပြတ်ဆောင်ရွက်

ပြည် ဩဂုတ် ၃၁

ပဲခူတိုင်းဒေသကြီး၊ ပြည်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရေးအတွက် တာဝန်ရှိသူများက နှာခေါင်းစည်း(mask) တပ်ဆင် ရေး လှုပ်ရှားဆောင်ရွက်မှုများကို အပတ်စဉ် ရုံးဖွင့်ရက်တိုင်း စဉ်ဆက် မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရပြီး ဩဂုတ် ၃၁ ရက်နေ့တွင် လူစည်ကားရာနေရာဖြစ်သော ဗိုလ်ချုပ်လမ်းရှိ သာသနာ့ဗိမာန်တော်ရှေ့၌ လမ်းသွားလမ်းလာ ခရီးသွားပြည်သူ များကို မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်း ချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ မြို့တွင်း လှည့်လည်စိစစ်ရေး ကော်မတီမှ တာဝန်ရှိသူများအဖွဲ့က အပြင်ထွက်တိုင်းမဖြစ်မနေ နှာခေါင်းစည်း (mask)တပ်ဆင်ဖို့ မမေ့ရန် အသိပညာပေး ပြောကြားခြင်းနှင့် နှာခေါင်းစည်း(mask) မတပ်ဆင်ပဲသွားလာနေကြသူများကို (mask)တပ်ဆင်ပေးကာ ဒဏ်ငွေ(၁၀၀၀)ကျပ် ကျခံစေ၍ ဝန်ခံကတိလက်မှတ်များ ထိုးခိုင်းစေခဲ့ ကြောင်း သိရသည်။

အဆိုပါ နှာခေါင်းစည်း(mask)များ တပ်ဆင်ရေး အသိပညာပေးလှုပ်ရှားမှုတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်ကျန်းမာရေး၊ မြို့နယ်ပညာရေး၊ မြို့နယ်ပြန်/ဆက်၊ မြို့နယ်မီးသတ် တပ်ဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့တို့ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြပြီး ရရှိခဲ့သည့် ဒဏ်ကြေးငွေများကို နှာခေါင်းစည်း (mask) များ ထပ်မံဝယ်ယူ၍ ဆက်လက် ဆောင်ရွက်မည့်(mask) တပ်ဆင်ရေး လှုပ်ရှားမှုများတွင် ပြည်သူများအား ပြန်လည်ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မင်းမင်းစိုး (ပြန်/ဆက်)