ဟားခါး မတ် ၂၄
ချင်းပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်း အဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက ဟားခါးမြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ် ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် တက်ရောက်အမှာစကား ပြောကြားသည်။
ရှေးဦးစွာ ချင်းပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ် ဝန်ကြီးချုပ်က ယခုအခါတွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုအခြေအနေများအပေါ် သုံးသပ်ချက်များအရ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ်တွေ့ရှိမှု၊ ပိုးတွေ့နှုန်းနှင့် သေဆုံးမှုနှုန်းတို့မှာ သိသာစွာ ကျင်ဆင်းလာကြောင်း တွေ့ရှိရသည့်အတွက် ခြွင်းချက်ပြုထားသည့် ကိစ္စရပ်များမှအပ လူ ၄၀၀ ဦးအထိ ၁၆−၃−၂၀၂၂ ရက်နေ့မှစ၍ စုဝေးခွင့်ပြုကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားပါကြောင်း၊ သို့ရာ တွင် ပြည်သူများအနေဖြင့် ပေါ့ဆ၍ မရပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းများကို စနစ်တကျ လိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရာတွင် ရေရှည်အတွက် အကောင်းဆုံးနည်းလမ်းမှာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို အကြိမ်ပြည့် မပျက်မကွက် ထိုးနှံမှုခံယူထားခြင်းဖြစ်သည့်အတွက် နိုင်ငံသားအားလုံး မည်သူတစ်ဦးတစ်ယောက်မှ မကျန်ရစေဘဲ အသက် ၁၈ နှစ်နှင့် အထက် ပြည့်သူများနှင့် အသက် ၁၂ နှစ်မှ အသက် ၁၈ နှစ်အထိ ကျောင်းသား၊ ကျောင်းသူများ အပါအဝင် ဦးတည်အုပ်စုအားလုံး ရာနှုန်းပြည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံပေးနိုင်ရေး လုပ်ငန်းစဉ်များတွင် ဆက်လက်ပူးပေါင်း ဆောင်ရွက်ကြစေလို ကြောင်းဖြင့် အမှာစကားပြောကြားသည်။
ဆက်လက်၍ ဟားခါးမြို့နယ် လူထုကျန်းမာရေးစောင့်ရှောက်မှုကော်မတီမှ သိက္ခာတော်ရ ဆရာတော် နီကျုံးထန်က ဟားခါးမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးများတွင် ပူးပေါင်း ဆောင်ရွက်မှုအခြေအနေများကိုလည်းကောင်း၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာ အောင်မြင့်ဦးက ချင်းပြည်နယ်အတွင်း မြို့နယ်အလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများ ဆောင်ရွက်မှု၊ အသက် ၁၈ နှစ်အထက် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံနိုင်မှုအခြေအနေ၊ ချင်းပြည်နယ်အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးရရှိ၊ သုံးစွဲ၊ လက်ကျန် အခြေ အနေ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး လိုအပ်ချက် (၂) ကြိမ်ပြည့် ထိုးနှံပြီးစီးကာလ (၆) လ အထက်ရှိသော ပြည်သူလူထုများအား Booster Dose ထိုးနှံရန် ဆေးလိုအပ်ချက်နှင့် တောင်းခံမှု၊ မတ်၊ ဧပြီလကုန်အထိ ကာကွယ်ဆေးထိုးနှံရန် လျာထားဦးရေ၊ ဆေးထိုးစုရပ်၊ ဆေးထိုးအဖွဲ့နှင့် ဆေးနှင့် ဆေးပစ္စည်းလိုအပ်ချက်များကို လည်းကောင်း၊ တက်ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများက အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးစီးမှုနှင့် ဒုတိယအကြိမ် ဆက်လက်ထိုးနှံရန် စီစဉ်ထားရှိမှု၊ အပတ်စဉ် ကိုဗစ်−၁၉ အသိပညာပေးလုပ်ငန်း ဆောင်ရွက်မှုနှင့် Mask Campaign ဆက်လက်ဆောင်ရွက်မည့် အစီအမံများနှင့် ယခင်အပတ် အစည်းအဝေး ဆုံးဖြတ်ချက်အပေါ် ဆောင်ရွက်ပြီးစီးမှု အခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ထို့နောက် တင်ပြချက်များအပေါ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဟန်ဝင်းအောင်၊ သယံဇာတ ရေးရာဝန်ကြီး ဦးကျော်ငြိမ်း၊ လူမှုရေးရာဝန်ကြီး ဦးသန့်ဇင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိန်ထွန်းလှနှင့် ဟားခါးတပ်နယ်မှ ဗိုလ်မှူးကြီး စောထွန်းတို့က ပလက်ဝမြို့နယ်တွင် ကိုဗစ်−၁၉ ကာကွယ်ဆေး ပိုမိုထိုးနှံနိုင်ရေးနှင့် တိုက်ပွဲရှောင်စခန်းများရှိ ပြည်သူများ ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေး ထိုးနှံရာတွင် မကျန်ရှိစေရေးကိစ္စ၊ ပြည်နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသည့် ကျောင်းသား၊ ကျောင်းသူများ ကာကွယ်ဆေး ဆက်လက်ထိုးနှံနိုင်ရေးကိစ္စ၊ ဖလမ်းမြို့နယ်ဘက်မှ ဝင်ရောက် လာသူများအား အထက (၂) တွင် RDT Test Kit ဖြင့် စစ်ဆေးသည့်ကိစ္စတို့နှင့် ပတ်သက်၍ အကြံပြု ဆွေးနွေးကြကာ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးမောင်မောင်ဆန်းက မီးစက်နှင့် အပိုပစ္စည်းများ ဝယ်ယူရေးတင်ပြချက်အား လုပ်ထုံးလုပ်နည်းနှင့်အညီ တင်ပြရေး၊ ဌာနပိုင်ယာဉ်များ အသုံးပြုရာတွင် ယာဉ်မောင်းမှ မော်တော်ယာဉ် လုံခြုံရေးအထူးဂရုပြုရေး၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံရာတွင် နီးစပ်ရာကျေးရွာများ စုစည်း၍ ဆေးထိုးစုရပ်များ စုဖွဲ့ထားရှိရေးနှင့် ကာကွယ်ဆေးရာနှုန်းပြည့် ထိုးနှံနိုင်ရေးတို့နှင့် ပတ်သက်၍ ဖြည့်စွက်ဆွေးနွေးပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင်တို့က ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ ပြည်နယ်ဝန်ကြီးချုပ် က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)