ခမောက်ကြီး ဩဂုတ် ၃၁
ကော့သောင်းခရိုင်၊ ခမောက်ကြီးဒေသအတွင်းရှိ ထိုင်း-မြန်မာနယ်စပ် ရှမ်း(၆)ရွာသည် ပါချန်မြစ်ကြောင်း တစ်လျှောက်တွင် တည်ရှိရာ နယ်စပ်ဒေသလုံခြုံရေး အထူးဂရုပြဆောင်ရွက်ကြရေးအတွက် ခမောက်ကြီးမြို့ မြို့အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ သည် ဆိပ်ဖူးကျေးရွာနယ်စပ်ဂိတ်သို့ ယနေ့နံနက်ပိုင်းက ကွင်းဆင်းဆောင် ရွက်ကြောင်းခဲ့သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့အုပ်ချုပ်ရေးမှူး ဦးခိုင်ကိုဦး က ကိုဗစ်-၁၉ ကပ်ရောဂါ မကူးစက်မပြန့်ပွားစေရေး အတွက် ကာကွယ်ထိန်းချုပ်ရာတွင် ပါချန်မြစ်ကြောင်း တစ်ခုသာ ကြားထားသော ထိုင်း-မြန်မာနယ်စပ် ရှမ်း(၆)ရွာသည် မြစ်ကြောင်း တစ်လျှောက် လုံခြုံရေးစည်းများ ကျိုးပေါက်နိုင်ကြောင်း၊ တစ်ဘက်နိုင်ငံနှင့် ခိုးဝင်/ခိုးထွက် ပြုလုပ်မှုများ မရှိစေရေးဂရုပြု ဆောင်ရွက်စေလိုကြောင်း၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ နှင့် နယ်စပ်ရဲကင်းများအနေဖြင့် ပူးပေါင်း၍ အလေးထားဆောင်ရွက် စေလိုကြောင်းစသည်ဖြင့် ဆွေးနွေးပြောကြား ပါသည်။
အဆိုပါ နယ်စပ်ဂိတ်များလုံခြုံရေး ဆွေးနွေးပွဲသို့ ခမောက်ကြီးမြို့ မြို့အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ ၊ မာရမ်းစခန်းမှူးနှင့် နယ်စပ်ရဲကင်းဂိတ်မှတာဝန်ရှိသူများ၊ ရှမ်း(၆)ရွာရှိ ကျေးရွာအုပ်ချုပ်ရေးမှူးများ ၊ ရွာမိရွာဖများ နှင့်ကျေးလက်ကျန်းမာရေးဌာနခွဲမှ တာဝန်ရှိသူများတက်ရောက်ကြကြောင်းသတင်းရရှိပါသည်။
နန့်လေးလေး(ခမောက်ကြီး ပြန်/ဆက်)