ဖျာပုံမြို့နယ်၊ အမာမြို့တွင် လေဘေးသင့်အိမ်ထောင်စုများအား ထောက်ပံ့ငွေနှင့် ပစ္စည်းများ ပေးအပ်

ဖျာပုံ မတ် ၂၄

မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့ အတွင်းရှိ ကျေးရွာများတွင် လေပြင်းတိုက်ခတ်ပြီး ရေတိုက်စားမှုကြောင့် ပျက်စီးသွားသော လူနေအိမ်များအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဖျာပုံခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ငွေနှင့်​ကယ်ဆယ်ရေး ပစ္စည်းများအား ယမန်နေ့ နေ့လယ်ပိုင်းက သက်ဆိုင်ရာကျေးရွာများသို့ သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

အဆိုပါ ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများ ပေးအပ်ရာတွင် ဖျာပုံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်ထားမောင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများသည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာနနှင့် ဖျာပုံခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့မှ လေဘေးသင့် အိမ်ထောင်စု (၁၃) စုတို့အား ပစ္စည်း (၁၇)မျိုးပါ ကယ်ဆယ်ရေးပစ္စည်းများ ကာလတန်ဖိုး (၅၈၈၄၃၂)ကျပ်၊ အိမ်ဆောက်ပစ္စည်းတန်ဖိုး (၆၉၀၀၀၀)ကျပ်နှင့် ဆန်ရိက္ခာတန်ဖိုး (၁၅၇၅၀၀)ကျပ်၊ စုစုပေါင်း တန်ဖိုးငွေကျပ် (၁၄၃၅၉၃၂) ကျပ်တို့အား သက်ဆိုင်ရာ တာဝန်ရှိသူများက အသီးသီးထောက်ပံ့ပေးအပ်ကြရာ လေဘေးသင့်အိမ်ထောင်စုဝင်များက လက်ခံရယူခဲ့ကြကြောင်း သိရသည်။

အောင်ဝင်းနိုင် (ဖျာပုံခရိုင်ပြန်/ဆက်)