မြဝတီ မတ် ၂၄
ကမ္ဘာပေါ်ရှိ သက်ရှိသတ္တဝါတိုင်းအတွက် မရှိမဖြစ်အသုံးဝင်သည့် ရေသယံဇာတများပျက်စီး ဆုံးရှုံးမှုမှ ကာကွယ်နိုင်ရန်နှင့် ရေအရင်းအမြစ်များ ရေရှည်တည်တံ့အောင် ထိန်းသိမ်းကာကွယ် စောင့်ရှောက်စေလိုသောရည်ရွယ်ချက်ဖြင့် မြဝတီခရိုင် ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်းကာ ယမန်နေ့ ညနေ ၃ နာရီက လူထုအခြေပြု ဗဟိုဌာန(CommunityCentre)ခန်းမတွင်ရေကိုခြိုးခြံချွေတာသုံးစွဲရေးအသိပညာပေး ဆွေးနွေးပွဲ (Talk Show)ကို Online မှရိုက်ကူးထုတ်လွှင့်ပေးသည်။
ဆွေးနွေးပွဲတွင် မြဝတီခရိုင်ရုံးလက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မာမာရီက ပြည်သူတို့သုံးစွဲ နေသည့်ရေကိုအကျိုးရှိရှိ သုံးစွဲ နိုင်ကြရန်နှင့် ရေရှားပါးခြင်းမဖြစ်အောင်ထိန်းသိမ်းကာကွယ်လိုသော အသိပညာရရှိစေရန် ဆွေးနွေးပွဲကျင်း ပရခြင်းကို ရှင်းလင်း ပေးပြီး ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးတင်ထွန်းအောင်က ကမ္ဘာ့ရေနေ့ဖြစ်ပေါ်လာပုံ၊ ရေ၏ အရေးပါပုံနှင့် ရေချိုရရှိ နိုင်မည့်အရင်းအမြစ်များ၊ သက်ရှိသတ္တဝါတိုင်းအတွက် ရေ၏အသုံးဝင်ပုံ၊ ရေသယံဇာတရှားပါး လာခြင်း အဓိကအကြောင်းအရင်း၊ ရေလျော့နည်းမှုကို ထိန်းသိမ်းရမည့် နည်းလမ်းများ၊ ရေချွေတာ သုံးစွဲခြင်းအကျိုးကျေးဇူးများ၊ ရေထု ညစ်ညမ်းမှုမရှိစေရန် ကာကွယ်ရမည့် အကြောင်းအရာများ၊ ညစ်ညမ်းရေထုသုံးစွဲပါက ဖြစ်ပွားတတ်သည့် ရောဂါများနှင့် မြန်မာ နိုင်ငံတွင် ရေသယံဇာတများ ပျက်စီးဆုံးရှုံးမှုမှ ကာကွယ်နိုင်ရန် ရေရှည်ထိန်းသိမ်းရမည့် နည်းလမ်းများကို အသေးစိတ် ဆွေးနွေး ပေးသည်။
မြဝတီခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ကိုဗစ်-၁၉ ကာလအတွင်း ပြည်သူလူထု အသိပညာရရှိစေရန် စာဖတ်ဝိုင်းများ၊ အသိပညာပေးဆွေးနွေးပွဲများ ဆောင်ရွက်ပေးခြင်းအပြင် ပြည်သူ့အကျိုးပြု အစီအစဉ်များကိုလည်း အွန်လိုင်းမှ တစ်ဆင့် ပုံမှန်ရိုက်ကူးထုတ်လွှင့်ပေးလျက် ရှိကြောင်းသိရသည်။
ဇာဖြူဝင်း(ပြန်/ဆက်)