ဘားအံ မတ် ၂၄
၂၀၂၂ ခုနှစ် မတ်လ(၂၇)ရက်နေ့တွင်ကျရောက်မည့် (၇၇)နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သထုံ-ဘားအံ-ကော့ကရိတ်-မြဝတီ ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ကျော့ရွာကျေးရွာမှ နဘူး၊ ထို့ကော်ကိုး ဒေသများသို့ အဓိကဆက် သွယ်ထားသည့် ကျော့ရွာ-ဝင်းစိန်-ဒေါ်လန်း-ဝဲကင်အံ (နဘူး)လမ်းဖွင့်ပွဲကို ယမန်နေ့ နံနက် ၈ နာရီခန့်က အဆိုပါလမ်းမုခ်ဦး၌ ကျင်းပသည်။
ဦးစွာ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး ခင်ဇော်နှင့် ပြည်နယ်အစိုးရ အဖွဲ့ဝင်များက လမ်းဖွင့်ပွဲသို့ တက်ရောက်လာသော ပတ်ဝန်းကျင်ကျေးရွာများမှ တိုင်းရင်းသား ပြည်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က ယခုလမ်းကို ၁၉၉၅ ခုနှစ်ကာလများက စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းများမှ ဒေသဖွံ့ဖြိုးရေးအတွက် မြေသားလမ်းအဖြစ်စတင်ဖောက်လုပ်ခဲ့ပြီး ၂၀၁၅-၂၀၁၆ ခုနှစ်တွင် လမ်းဦးစီးဌာနသို့ လွှဲပြောင်းထိန်းသိမ်း စေကာ အမာခံကျောက်လမ်းခင်းခြင်း၊ တံတားတည်ဆောက်ခြင်းများဖြင့် လမ်းကိုအဆင့်မြှင့်တင်ဆောင်ရွက်ခဲ့ကြောင်း၊ ၂၀၂၁- ၂၀၂၂ မီနီဘဏ္ဍာနှစ်တွင် ကရင်ပြည်နယ် အစိုးရအဖွဲ့၏ ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေကျပ် ၆၂၄ ဒသမ ၇၇၀ သန်းဖြင့် ၀ ကီလိုမီတာမှ ၁၀ ကီလိုမီတာအထိ ၃၄ ပေ အကျယ် အမာခံမြေသားလမ်းဆောင်ရွက်ခဲ့ပြီးလာမည့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် လည်း ကျန်ရှိသောလမ်းပိုင်းများအား ၃၄ ပေအကျယ် မြေသားတာဘောင်တင်ခြင်း၊ တံတားတည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကာ နောင်လာမည့် ဘဏ္ဍာနှစ်များတွင်လည်း တိုင်းရင်းသားပြည်သူများ ခရီးသွားလာမှုပိုမို အဆင်ပြေ ချောမွေ့စေရေး လမ်း/တံတား အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ကရင်ပြည်နယ်လမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး (မြို့ပြ) ဦးအောင်ညိုက လမ်းဆိုင်ရာ အချက်အလက်များအားရှင်းလင်းတင်ပြပြီး ဒေသခံတစ်ဦးက ကျေးဇူးတင် စကားပြောကြားကာ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးအောင်ညိုက ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများအား ဖွင့်ပွဲအထိမ်းအမှတ် အမှတ်တရ ပစ္စည်းများကို လက်ရောက် ပေးအပ်ခဲ့သည်။
ယင်းနောက် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မျိုးမင်းနောင်၊ စီးပွား ရေးရာဝန်ကြီးဦးစောခင်မောင်မြင့်၊ သယံဇာတရေးရာဝန်ကြီးဦးဇော်ဝင်း၊ လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီးရဲမှူးကြီးခင်ဇော်၊ လူမှု ရေးရာဝန်ကြီးဦးစိုးလွင်နှင့် ပြည်နယ်လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ)ဦးအောင်ညိုတို့က လမ်းအားဖဲကြိုးဖြတ်ဖွင့် လှစ်ပေး ကြပြီး အမှတ်တရ စုပေါင်း မှတ်တမ်းဓါတ်ပုံရိုက်ကူးခဲ့ကြသည်။
ထို့နောက် ကရင်ပြည်နယ်ဝန်ကြီးချုပ်သည် လမ်းဖွင့်ပွဲသို့တက်ရောက်လာသော ယဉ်ကျေးမှုအဖွဲ့များအား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ပြီး ကျော့ရွာ-ဝင်းစိန်-ဒေါ်လန်း-ဝဲကင်အံ(နဘူး)လမ်းပေါ် မော်တော်ယာဉ်များဖြင့် ဖြတ်သန်းကြည့်ရှု စစ်ဆေး ခဲ့ကြသည်။
ယခင်က နဘူး-ထို့ကော်ကိုး၊ ကော့ကရိတ်မြောက်ခြမ်းကျေးရွာများမှ ဘားအံမြို့သို့ သွားရောက်ရာတွင် ဘားအံ-ထီလုံ-တာပေါင်-နဘူးလမ်းမှ ကွေ့ပတ်သွားလာခဲ့ရသည့်အတွက် လမ်းခရီးကြန့်ကြာခဲ့ရပြီး ယခုဖွင့်လှစ်သည့် ကျော့ရွာ-ဝင်းစိန်-ဒေါ်လန်း-ဝဲကင် အံ(နဘူး)လမ်းမှတစ်ဆင့်သွားလာမည်ဆိုပါက ၄၀ ကီလိုမီတာခန့်မျှ လမ်းခရီးကို ပိုမိုတိုတောင်းစေကာ ကုန်စည်စီးဆင်းမှုပိုမို မြန်ဆန်လာပြီး ယာဉ်ကြောပိတ်ဆို့မှုများကင်းဝေးစေသည့် အကျိုးကျေးဇူးများနှင့်အတူ ဒေသခံတိုင်းရင်းသား ပြည်သူများ၏ လူမှု စီးပွားဘဝများဖွံ့ဖြိုးတိုးတက်ရေးကို များစွာအထောက် အကူပြုစေမည်ဖြစ်ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)