ကြာအင်းဆိပ်ကြီး မတ် ၂၄
ကရင်ပြည်နယ် စာကြည့်တိုက်များဖောင်ဒေးရှင်းမှ ကရင်ပြည်နယ်အတွင်း မြို့နယ်များရှိ ကျေးရွာအုပ်စု /ကျေးရွာများ၌ ဖွင့်လှစ်ထားသည့် ကျေးရွာစာကြည့်တိုက်များသို့ သုတရသစာအုပ်များအား ပေးအပ်လှူဒါန်းလျက်ရှိရာ ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် အတွင်းရှိ ကျေးရွာစာကြည့်တိုက်များသို့ သုတရသ စာအုပ်များအား ပေးအပ်လှူဒါန်းပွဲကို ယမန်နေ့ နံနက်ပိုင်းအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ပြုလုပ်ကျင်းပ သည်။
အဆိုပါကျေးရွာစာကြည့်တိုက်များသို့ စာအုပ်များပေးအပ်လှူဒါန်းပွဲတွင် ကရင်ပြည်နယ် စာကြည့်တိုက်များ ဖောင်ဒေးရှင်းမှအဖွဲ့ဝင် ဒုတိယညွှန်ကြားရေးမှူး (အငြိမ်းစား) ပညာရေး ဌာနမှ ဆရာမကြီးဒေါ်ခင်လှဝေမှ ကျေးရွာစာကြည့်တိုက်များသို့ ဖောင်ဒေးရှင်းအနေဖြင့် စာအုပ်များ ပေးအပ်လှူဒါန်းရခြင်း၏ ရည်ရွယ်ချက်များနှင့်ပတ်သက်၍ ရှင်းလင်းအမှာ စကားပြောကြားသည်။
ထို့နောက်စာအုပ်လှူဒါန်းပွဲသို့ တက်ရောက်လာကြသည့် ကျေးရွာအုပ်စု ကျေးရွာများမှ စာကြည့်တိုက်မှူးများနှင့် စာကြည့်တိုက်တာဝန်ခံများအား ကရင်ပြည်နယ် စာကြည့်တိုက်များ ဖောင်ဒေးရှင်းအဖွဲ့ဝင် ဆရာမကြီးမှ သုတရသစာအုပ်များအား ကျေးရွာ (၁၀)ရွာမှ စာကြည့်တိုက်(၁၀)တိုက်အတွက် တစ်တိုက်လျင်စာအုပ်(၃၀)အုပ်နှုန်းဖြင့် စုစုပေါင်း စာအုပ် (၃၀၀)အုပ်အား လက်ဝယ်အရောက်ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
မျိုးမင်းဦး