မြိတ် မတ် ၂၄
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် (၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့ ညနေပိုင်းက မြို့မအားကစားကွင်းတွင် ကျင်းပခဲ့ရာ မြိတ်တောင် FC အသင်းနှင့် စန္ဒဝတ် FC အသင်းတို့ ဗိုလ်လုပွဲ ယှဉ်ပြိုင်ကစားခဲ့ကြသည်။
ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်း(၂)သင်းမှ အားကစားသမားများက အကျိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ရာ ဌာနဆိုင်ရာများ၊ အားကစား ဝါသနာရှင်များက ကြည့်ရှုအားပေးခဲ့ကြသည်။ ဗိုလ်လုပွဲတွင် စန္ဒဝတ် FC အသင်းက မြိတ်တောင် FC အသင်းအား တစ်ဂိုး ဂိုးမရှိ ဖြင့် အနိုင်ရရှိခဲ့သည်။
ပြိုင်ပွဲအပြီးတွင် ဆုချီးမြှင့်ပွဲဆက်လက်ကျင်းပခဲ့ရာ ပြိုင်ပွဲတလျောက် ရှေ့တန်း/ အလယ်တန်း/နောက်တန်းနှင့် ဂိုးသမား အကောင်းဆုံးဆုများ၊ အကောင်ဆုံးအားကစားသမားဆု၊ အသက်ကြီးဆုံး အားကစား သမားဆု၊ အသင်းအုပ်ချုပ်သူအကောင်းဆုံး ဆုဖလားများ နှင့် ဒိုင်လူကြီး အမှတ်တရ ဆုတံဆိပ်များကို တာဝန်ရှိသူများက အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ထို့နောက် ပြိုင်ပွဲတွင် ဒုတိယဆုရရှိသောအသင်းမှ အားကစားသမားများအား လည်ဆွဲဆုများနှင့် ငွေသားဆုကို ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်ဇော်ဌေးက ပေးအပ်ချီးမြှင့်ခဲ့ပြီး ပထမရရှိသော အသင်းမှ အားကစား သမားများအား လည်ဆွဲဆုများ၊ ငွေသားဆုနှင့် တံခွန်စိုက်ဆုဖလားကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဗိုလ်မှူး ငွေစိုးက ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ခိုင်ထူး (ပြန်/ဆက်)