လွိုင်ကော်မြို့၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပ

လွိုင်ကော် မတ်  ၂၄

ကယားပြည်နယ်၊ လွိုင်ကော်မြို့၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၁ နာရီခွဲ အချိန်တွင် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမ၌ ပြုလုပ်ဆောင်ရွက်ခဲ့သည်။

အဆိုပါဟောပြောပွဲသို့ ကယားပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးစောဟူးဟူး၊ ပြည်နယ်ပညာရေးမှူး၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယပြည်နယ်မှူး၊ ဟောပြောပေးမည့်ဆရာများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ တက်ရောက် ခဲ့ကြသည်။

ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးစောဟူးဟူးက အဖွင့်အမှာစကားပြောကြားရာမှာ အနာဂတ်တွင် နိုင်ငံရဲ့ပဲ့ကိုင်ရှင်တွေဖြစ်လာကြမည့် ကျောင်းသား၊ ကျောင်းသူများကို လူတော်လူကောင်းဖြစ်လာစေရေး၊ ပူးပေါင်း ဆောင်ရွက် တတ်သူများဖြစ်လာစေရေး၊ တာဝန်ယူမှုတာဝန်ခံမှုရှိပြီး လုပ်ငန်းတာဝန်များ ကျေပွန်စွာ ဆောင်ရွက်တတ်သူများ ဖြစ်လာစေရေးနှင့် နွေရာသီကျောင်းပိတ်ရက်မှာ အချိန်ကိုအကျိုးရှိရှိ အသုံးချတတ်စေရန်စသည်တို့ကိုပြောကြားခဲ့သည်။ ဆက်လက်၍ ကယားပြည်နယ် ပြည်နယ် ပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဒေါက်တာကျော်လွင်က လူငယ်ရေးရာ အသိပညာ ပေး ဟောပြောပွဲ ကျင်းပဆောင်ရွက်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် ဟောပြောပွဲသို့ တက်ရောက်လာကြသည့် ကျောင်းသားကျောင်းသူလေးများအား အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာနမှ အားကစားမှူး ဦးသိန်းမိုးအောင်က အားကစား အသိပညာပေး ခေါင်းစဉ်ဖြင့်ဟောပြောခြင်း၊ လွိုင်ကော်ခရိုင် ခရိုင်ပညာရေးမှူး ဦးစောပေါလုက စိတ်ဓါတ်ကောင်းများ ပေါ်ထွန်းရေး စည်းကမ်းကောင်းမွန်ရေး ခေါင်းစဉ်ဖြင့် ဟောပြောခြင်း၊ လွိုင်ကော်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်စွာမြင့်က အနာဂတ် အတွက်မျိုးဆက်သစ်သို့ ခေါင်းစဉ်တို့ဖြင့် အသီးသီး ဟောပြော ခဲ့ကြောင်း သတင်းရရှိသည်။

ဟောပြောပွဲအပြီးတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာမှ ခင်းကျင်းပြသထားသော နံရံကပ်စာစောင်ပြပွဲ၊ စာအုပ် စာစောင်ပြပွဲကို ကျောင်းသား ကျောင်းသူများက လေ့လာကြည့်ရှုခဲ့ကြပြီး (၇၇) နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ်အဖြစ် ထုတ်ဝေသော သတင်းစကားလက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။

ခရိုင်(ပြန်/ဆက်)