ကန့်ဘလူ ဩဂုတ် ၃၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်အတွင်းရှိ အသက် ကိုးနှစ်မှဆယ်နှစ်အထိ အမျိုးသမီးများအား သားအိမ်ခေါင်းကင်ဆာ ရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းအစီအစဉ်အရ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး Human Papillioma Virus(HPV)ဆေးထည့်သွင်းထိုးနှံခြင်း သင်တန်းကို ယနေ့ နံနက် ၉ နာရီက မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနခုတင် ၁၀၀ ဆေးရုံအုပ် ဒေါက်တာနေမိုးနှင့် ဆရာ၊ ဆရာမများ၊ ကျေးလက်ကျန်းမာရေးဝန်ထမ်းသင်တန်းသားများ၊ သင်တန်းနည်းပြ ကျန်းမာရေးမှူး အဆင့်(၁)ဒေါ်ရီရီဝင်းနှင့် ပြည်သူ့ ကျန်းမာရေးကြီးကြပ်(၁)ဦးတင်အောင်ထွန်းတို့က တက်ရောက်သင်ကြားပို့ချခဲ့ကြောင်း သိရသည်။
သားအိမ်ခေါင်းကင်ဆာရောဂါသည် ကမ္ဘာတစ်ဝှမ်းရှိအမျိုးသမီးများ၏ စတုတ္ထမြောက်အဖြစ်အများဆုံး ရောဂါဖြစ်ပြီး သားအိမ်ခေါင်း ကင်ဆာအများစုသည် HPV ပိုးကြောင့်ဖြစ်ကာ HPV ပိုးအမျိုးအစား (၁၆)နှင့် (၁၈)ပိုးများသည် သားအိမ်ခေါင်းကင်ဆာ အားလုံး၏ ၇၀ ရာခိုင်နှုန်းကိုဖြစ်စေသည်။
အသက်အရွယ် ကိုးနှစ်မှဆယ်နှစ် မိန်းကလေးများကို တစ်နှစ်မှာတစ်ကြိမ်၊ ၁၂ လခြား၍ နှစ်ကြိမ်ထိုးပေးမည်ဖြစ်ပြီး ကာကွယ်ဆေး သည် HPV ပိုးအမျိုးအစား(၁၆)နှင့်(၁၈) ပိုးကူးစက်ခံရခြင်းမှ ၉၅ ရာခိုင်နှုန်း ကာကွယ်နိုင်ကာ သားအိမ်ခေါင်းဖြစ်စေသော အခြား အန္တရာယ်ရှိသော HPV ပိုး အမျိုးအစားများကိုလည်း အတိုင်းအတာတစ်ခုအထိ ကာကွယ်ပေးနိုင်ကြောင်းနှင့် HPV ကာကွယ်ဆေးကို မိန်းကလေးငယ်များအား ဆောလျင်စွာထိုးနှံခြင်းဖြင့် အစောဆုံးကာကွယ်မှုရရှိနိုင်မည့် အခွင့်အလမ်း တစ်ခုဖြစ်ကြောင်း သင်တန်း နည်းပြ ဆရာမဒေါ်ရီရီဝင်း ထံမှသိရသည်။
အောင်ဝင်းငြိမ်း (ကန့်ဘလူ)