အိမ်မဲ မတ် ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ မြို့နယ်အတွင်း နိုင်ငံ့ဝန်ထမ်း အငြိမ်းစားများ၏ ပင်စင်လစာငွေများကို ယနေ့နံနက်ပိုင်းတွင် ကိုဗစ်-၁၉ ကာကွယ်ရေး နည်းလမ်းများနှင့်အညီ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
အိမ်မဲမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းများ၏ ပင်စင်လစာငွေများကို လစဉ် ၂၁ နေ့ နံနက်ပိုင်းမှ စတင်၍ ထုတ်ပေးလျက်ရှိပြီး နိုင်ငံ့ဝန်ထမ်းအငြိမ်းစား ၁၆၀၀ ကျော် ရှိကြောင်း မြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ သိရသည်။
"အိမ်မဲမြို့နယ်မှာ အငြိမ်းစားဝန်ထမ်းပေါင်း ၁၆၀၀ ကျော်ရှိပါတယ်။ ပင်စင်လစာငွေများကို လစဉ် ၂၁ ရက်နေ့ကနေ လကုန်ရက်အထိ နံနက် ၆ နာရီ ၃၀ မိနစ်ကနေ မွန်းလွဲ ၂ နာရီ အထိ ထုတ်ပေးပါတယ်။ အခုလမှာဆိုရင် ၂၁ ရက်နေ့ကနေ ယနေထိ အငြိမ်းစားဝန်ထမ်း (၇၅၀) ဦး လောက် ပင်စင်လစာထုတ်ပေးပြီးပါပြီ၊ ထုတ်ပေးတဲ့နေရာမှာလည်း ကိုဗစ်-၁၉ ကာကွယ်ရေး နည်းလမ်းများနဲ့အညီ ထုတ်ပေးနေတာပါလို့" အိမ်မဲမြို့နယ်မြန်မာ့စီးပွားရေးဘဏ်မန်နေဂျာ ဒေါ်စန်းစန်းကြိုင် ပြောကြားချက်အရသိရသည်။
ချစ်သက်လယ်(အိမ်မဲ)