မြောင်းမြ မတ် ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့ မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းများနှင့်အညီ စနစ်တကျထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေများကို ထုတ်ပေးရာတွင် စမတ်ကတ်ဖြင့် ထုတ်ယူသူ အငြိမ်းစားဝန်ထမ်းများနှင့် စမတ်ကတ်မလုပ်ရသေးသူ ဘဏ်စာအုပ်ဖြင့် ထုတ်ယူသူ အငြိမ်းစားဝန်ထမ်းများဟူ၍ နှစ်မျိုးရှိရာ၊ ဘဏ်စာအုပ်ဖြင့် ထုတ်ယူသူများသည် သက်ဆိုင်ရာထုတ်မည့်လ၏ ၁၈ ရက်နေ့မတိုင်ခင် ဘဏ်စာအုပ်ကို လာရောက်ထပ်ရမည် ဖြစ်ပြီး၊ ဘဏ်မှပင်စင်ငွေထုတ်ယူရမည့်ရက်ကို သတ်မှတ်ပေးပါသည်။ ဘဏ်စာအုပ်ဖြင့် ထုတ်ယူသူ အငြိမ်းစားဝန်ထမ်းများသည် သတ်မှတ်ရက်မှစ၍ လမကုန်ခင် တစ်ရက် အလိုအထိ လာရောက်ထုတ်ယူနိုင်ပြီး၊ သတ်မှတ်ထားသည့်လတွင် အကြောင်းကြောင်း ကြောင့် ပင်စင်လစာငွေ မထုတ်ယူနိုင်သူများကို နောက်တစ်လ၏ ၁၁ ရက်နေ့တွင် ပြန်လည် ထုတ်ပေးကြောင်း သိရသည်။ စမတ်ကတ်ဖြင့်ထုတ်ယူသော အငြိမ်းစားဝန်ထမ်းများသည် လတစ်လ၏ ၂၁ ရက်နေ့မှ စတင်၍ လကုန်အထိ ပင်စင်လစာငွေ ထုတ်ယူနိုင်ကြောင်း သိရသည်။
ပင်စင်လစာငွေ ထုတ်ယူချိန်ကို နံနက်(၇) နာရီမှ နေ့လယ် (၁၂:၃၀) နာရီအထိ သတ်မှတ် ထားပြီး ထုတ်ပေးသော်လည်း လာရောက်ပင်စင်ထုတ်ယူသူများနေပါက အချိန်တိုး ထုတ်ပေးလျက်ရှိကြောင်း သိရသည်။ ကိုယ်တိုင်ကိုယ်ကျ လာရောက် ထုတ်ယူနိုင်ခြင်း မရှိသည့် ကျန်းမာရေးမကောင်းသည့် သက်ကြီးအငြိမ်းစားဝန်ထမ်းများအား မိသားစုဝင် တစ်ဦးမှ ကိုယ်စားလှယ် လွှဲစာဖြင့် ကိုယ်စား ထုတ်ယူနိုင်ကြောင်း သိရသည်။
ဒေါ်ခင်ရူပါအေး(ရုပ်သံကျွမ်းကျင်-၃)
မြောင်းမြခရိုင်၊ ပြန်/ဆက်