မြိတ် မတ် ၂၃
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဌာနမှ ပေါက်ကွဲစေတတ် သောပစ္စည်းများကြောင့် ထိခိုက်မှုလျော့ပါးရေး အသိပညာပေး သင်တန်းကို ယမန်နေ့က မြိတ်မြို့နယ်ကြက်ခြေနီအသင်းခွဲရုံးတွင် ဖွင့်လှစ်ခဲ့သည်။
သင်တန်းတွင် ပေါက်ကွဲစေတတ်သော ပစ္စည်းများကြောင့် ထိခိုက်မှုအန္တရာယ်လျော့ပါး၍ ဘေးကင်း သော အပြုအမူများကိုသိရှိပြီး ရပ်ရွာလူထုကို အသိပညာဖြန့်ဝေနိုင်ရန်၊ လူ့အသက်ကို အန္တရာယ်ဖြစ်စေသောပစ္စည်းများအကြောင်းကို သိမြင်နားလည်စေရန်၊ အန္တရာယ်များကို ရှောင်ရှားရမည့် နည်းလမ်း တွေကို သဘောပေါက်ပြီး သတင်းဖြန့်ဝေနိုင်ရန်နှင့် ထိခိုက်ဒဏ်ရာရတဲ့သူတွေကို ရှေးဦးပြုစုခြင်းဖြင့် အသက်ကယ်နိုင်စေရန် ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။
သင်တန်း၌ ကြက်ခြေနီအကြောင်းသိကောင်းစရာ၊ မိုင်းနှင့်စက်လက်နက် အကြွင်းအကျန်ဆိုင်ရာ ပြသနာများနှင့် ICRC ၏ ပါဝင်လှုပ်ရှားမှုအကြောင်း၊ လူသားခြင်းစာနာထောက်ထားမှုမိုင်းအရေး လှုပ်ရှားဆောင်ရွက်မှုများ၊ ကိုယ်ကာယပြန်လည် သန်စွမ်းရေးလုပ်ငန်း၊ အန္တရာယ်ရှိသောနေရာများကို သတိပြုမိခြင်းနှင့် အန္တရာယ်ကင်း အမှတ်အသားများအကြောင်း၊ အန္တရာယ် ကင်းသော အပြုအမူများ၊ အန္တရာယ်မကင်းသော အပြုအမူများနှင့် လုံခြုံရေးဆိုင်ရာသတင်းစကား၊ မြေမြုပ်မိုင်းနှင့် မပါက်ကွဲသော စက်လက်နက်ကြောင်းရရှိသော ဒဏ်ရာများ ရှေးဦးပြုစုခြင်း စသည့် ဘာသာရပ်များကို ပို့ချပေးသွားမည်ဖြစ် ကြောင်းသိရသည်။
သင်တန်းကို မြိတ်ခရိုင်ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးတင်မောင်ဆွေက အမှာစကားပြော ကြား၍ ဖွင့်လှစ်ခဲ့ပြီး တနင်္သာရီတိုင်းဒေသကြီး ကြက်ခြေနီ ဒုတိုင်းတပ်ဖွဲ့မှူး ဒေါ်အေးအေးသန်းက သင်တန်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် ICRC မှ ဦးဒိုင်နာလော့ဒ်နော်က သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး သင်တန်းစတင်ခဲ့သည်။ အဆိုပါ သင်တန်းကို တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၆)မြို့နယ်မှ သင်တန်းသား ကြက်ခြေနီ တပ်ဖွဲ့ဝင်(၂၁)ဦး တက်ရောက်ခဲ့ ကြပြီးသင်တန်းကို မတ်လ(၂၂)ရက် မှ(၂၄)ရက်နေ့အထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်းသိရသည်။
ခိုင်ထူး