ပဲခူး မတ် ၂၃
အနာဂတ်မျိုးဆက်သစ် လူငယ်လူရွယ်များ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန်၊ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်စေရန်နှင့် နိုင်ငံတော်ကို အကျိုးပြုမည့် လူငယ်လူရွယ်များ ဖြစ်လာစေရန် ရည်ရွယ်၍ ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့မွန်းလွဲ (၁) နာရီက ပဲခူးခရိုင်၊ ပဲခူးမြို့နယ်၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရှိ သီရိပညာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အသိပညာပေးဟောပြောပွဲတွင် ပဲခူးခရိုင် ပညာရေးမှူးရုံးမှ ခရိုင်ပညာရေးမှူး ဒေါ်မာမာစု က "စိတ်ဓာတ်၊ စည်းကမ်း၊ ပညာကောင်းမွန်ရေး" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ပဲခူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ယဉ်ယဉ်နု က "အကျင့်စာရိတ္တကောင်းမွန်ရေးနှင့် မျိုးချစ်စိတ်ဓာတ် ရှင်သန်ရေး" ခေါင်းစဉ်နှင့် ပဲခူးခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်သန္တာဝင်း က "လူငယ်နှင့် အားကစား" ခေါင်းစဉ်တို့ဖြင့် အသီးသီး ပညာပေးဟောပြောခဲ့သည်။
ပဲခူးခရိုင်ပညာရေးမှူးရုံးမှ ခရိုင်ပညာရေးမှူး ဒေါ်မာမာစုက ဟောပြောရာတွင် လူငယ်တွေမှာထား ရှိသင့်သည့်စိတ်ဓာတ်၊ ယနေ့လူငယ် နောင်ဝယ်လူကြီး၊ နိုင်ငံရပ်ရွာအုပ်ချုပ်သူတွေကောင်းဖို့ လူငယ်ဘဝထဲက ကောင်းမွန်အောင်နေထိုင်ရန်၊ လူလူချင်း ညှာတာထောက်ထားတတ်တဲ့သူ၊ ကိုယ်ချင်းစာတရားထားတတ်ရန်၊ ဖြောင့်မတ်တည်ကြည်တဲ့သူတွေ ဖြစ်လာအောင် စိတ်ဓာတ်ကောင်းရန်၊ လူငယ်များတွင် အထက်တန်းစားစိတ်ဓာတ်ရှိရန်၊ လူမှုဝန်ထမ်းစိတ်ဓာတ်ရှိရန် လိုအပ်ကြောင်း၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်ယဉ်ယဉ်နု က ဟောပြောရာတွင်လူငယ်များအတွက် ပညာရေးသည်အရေးကြီးကြောင်း၊ ကိုယ့်ဘဝမှာ ဘာဖြစ်ချင်တယ်ဆိုသည့် ရည်မှန်းချက်ရှိရမှာဖြစ်ကြောင်း၊ အသိပညာဗဟုသုတပြည့်ဝပြီး စဉ်းစားတွေးခေါ် ဆင်ခြင်တတ်ရန်၊ အမှားအမှန် ခွဲခြားသိမြင်တတ်ရန် လိုအပ်ကြောင်း၊ အကျင့်စာရိတ္တကာင်းမွန်ပြီး လူအများနှင့်ပြောဆိုဆက်ဆံရာတွင် ယဉ်ကျေးစွာပြောဆိုဆက်ဆံဖို့ လိုကြောင်း၊ ကျန်းမာတဲ့ကိုယ်ခန္ဓာ ပိုင်ဆိုင်ဖို့အတွက် အစာအာဟာရဖြည့်တင်းဖို့လိုသလို ဦးနှောက်ဖွံ့ဖြိုးဖို့ စာကောင်းပေမွန်များကို လေ့လာဖတ်ရှုရန်၊ မိမိတို့၏ ရိုးရာယဉ်ကျေးမှု အမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်ပြီး မျိုးချစ်စိတ်ရှိရန်လိုကြောင်း၊ ခရိုင်အား/ကာမှူး ဒေါ်သန္တာဝင်း က ဟောပြောရာတွင် “အားကစား”ဆိုတာ အင်အားနဲ့ ဉာဏ်ရည်ကိုအသုံးချကြောင်း၊ အားကစားအမျိုးအစား(၄)မျိုးရှိပြီး ယှဉ်ပြိုင်အားကစား၊ ရိုးရာအားကစား၊ အပန်းဖြေအားကစားနှင့် လူထုအားကစားတို့ဖြစ်ကြောင်း၊ ကာယပညာသင်ကြားရခြင်း၏ ရည်ရွယ်ချက်မှာ အနာဂတ်မျိုးဆက်သစ် လူငယ်လူရွယ်များ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးအတွက် အားကစားက ဆောင်ရွက်ပေးတာဖြစ်ကြောင်းတို့ကို အသိပညာပေး ဟောပြောခဲ့သည်။
ဆက်လက်ပြီး မျိုးဆက်သစ်ကျောင်းသား/ကျောင်းသူ လူငယ်လူရွယ်များအတွက် မှတ်သားဖွယ်ရာ အသိပညာပေးနံရံကပ်စာစောင်များကို ခင်းကျင်းပြသထားရာ တက်ရောက်လာကြသော ကျောင်းသား ကျောင်းသူများက စိတ်ပါဝင်စားစွာ မှတ်သားလေ့လာခဲ့ကြပြီး အဆိုပါဟောပြောပွဲ အခမ်းအနားသို့ အမှတ်(၁)၊ အမှတ်(၂)နှင့် အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းများမှ ကျောင်းသား /ကျောင်းသူ (၃၅၀)ဦးနှင့် ဆရာ/ဆရာမများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ထို့အပြင် အခမ်းအနားသို့ တက်ရောက်လာကြသည့် ကျောင်းသား/ကျောင်းသူများနှင့် ဆရာ/ဆရာမ များအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)