အိမ်မဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနရုံးမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်အသစ် ပြုလုပ်မည့်သူများနှင့် မိတ္တူပြုလုပ်မည့်သူများအား ဆောင်ရွက်

 

အိမ်မဲ မတ် ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား များကို ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်ပေးသလို ဦးစီးဌာနရုံးတွင်လည်း ဆောင်ရွက်ပေးလျက်ရှိရာ လျာထားချက်ပြည့်မှီပြီဖြစ်ပြီး အသစ်ပြုလုပ်မည့် သူများနှင့် မိတ္တူပြုလုပ်မည့်သူများကို ယနေ့တွင် ဆက်လက်ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။

"အိမ်မဲမြို့နယ်မှာ မြို့ပေါ်ရပ်ကွက်(၅)ရပ်ကွက်၊ ကျေးရွာအုပ်စု(၉၇)အုပ်စုမှ နိုင်ငံသားစိစစ်ရေး ကတ်ပြားပြုလုပ်ရန် ကျန်ရှိသူ(၆၇၉၇)ဦး (လျာထား)ရှိတဲ့အနက် မြို့နယ်လဝကရုံးမှ ပန်းခင်း စီမံချက်နဲ့ ၂၀၂၁ ခုနှစ် မေလ (၃)ရက်နေ့က စတင်ပြီး ယနေ့အထိ မြို့ပေါ်(၅)ရပ်ကွက်နဲ့ ကျေးရွာအုပ်စု(၉၅)အုပ်စုက နိုင်ငံသားစိစစ်ရေးကတ်ပြား အသက်(၁၆)နှစ်၊ အသက်(၁၈)နှစ်၊ (၁၈)နှစ်အထက် စုစုပေါင်း (၆၇၉၇) ကတ်၊ရာခိုင်နှုန်းအားဖြင့် ၁၀၀  ရာခိုင်နှုန်းထိ ဆောင်ရွက်ပြီးစီးကြောင်း" မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနရုံးမှ (လဝက) ဦးစီးမှူး ဦးအောင်နိုင်ဦး ပြောကြားချက်အရ သိရသည်။

အိမ်မဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနရုံးမှ ပန်းခင်းစီမံချက်ဖြင့် ကျေးရွာများအရောက် ကွင်းဆင်းအဖွဲ့(၂)ဖွဲ့ဖြင့်ဆောင်ရွက်သလိုဦးစီးဌာနရုံးတွင်လည်းပန်းခင်းစီမံချက်နဲ့အညီ နိုင်ငံသား တစ်ဦး၏ တရားဝင်မှု၊ နိုင်ငံသားအခွင့်အရေးနှင့် လူမှုစီးပွားဘဝ ပြည်စုံမှု ရှိစေရေးတို့အတွက် သတ်မှတ်ချက်နှင့်အညီ ကိုက်ညီသူများကို ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

အိမ်မဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနရုံးတွင် "အသက် (၁၆)နှစ် နှင့်အထက် အကျုံးဝင်သူများအား ဥပဒေအရ ကိုင်ဆောင်သင့်သည့် ကတ်တစ်မျိုးမျိုး ထုတ်ပေးရေးအတွက် ‘ပန်းခင်း” စီမံချက်ဖြင့် ရုံးတွင် ဆောင်ရွက်ပေးခြင်း၊ ကွင်းဆင်း ဆောင်ရွက်ပေးခြင်း၊ လိုအပ်သည့်နေရာများတွင် တစ်အိမ်တက်တစ်အိမ်ဆင်း ဆောင်ရွက်ပေးခြင်းများအား (၃-၅-၂၀၂၁)မှ (၃-၁၁-၂၀၂၂) နေ့အထိ နိုင်ငံတစ်ဝှမ်းလုံးတွင် နေ့စဉ် ရက်ဆက် ဆောင်ရွက်ပေးလျက်ရှိပါသည်။ ။

ယခုအခါ လိုအပ်ချက်အရ ပြည်သူများအနေဖြင့် ခရီးသွားလာရာတွင်လည်းကောင်း တည်းခို နေထိုင်ရာ နေရာများတွင်လည်းကောင်း နိုင်ငံသားကတ် (မှတ်ပုံတင် ) ပြသဆောင်ရွက်ရသည့် လုပ်ငန်းများတွင် လည်းကောင်း တရားဝင် ထုတ်ပေးထားသော နိုင်ငံသားကတ် (မှတ်ပုံတင်)အား (၁-၄-၂၀၂၂)နေ့ (၀၆း၀၀)နာရီမှစ၍ ပြသစစ်ဆေးခံရမည်ဖြစ်ပါသည်။

နေ့စဉ် ရက်ဆက် ဆောင်ရွက်ပေးနေမှုကြောင့် နိုင်ငံသားကတ် (မှတ်ပုံတင်) အစား ထောက်ခံစာ များအား ပြသ၍ ခရီးသွားလာခြင်း၊ အစစ်ဆေးခံခြင်းများအား ခွင့်ပြုတော့မည်မဟုတ်ပါ။

နိုင်ငံသားကတ်(မှတ်ပုံတင်)အတု ကိုင်ဆောင်ခြင်းနှင့် ကတ်အပို ထားရှိ ကိုင်ဆောင်ခြင်းများ သည် တည်ဆဲဥပဒေများအရ ပြစ်မှုမြောက်ပါ ကြောင်း '' အစရှိသည့် ဗီနိုင်းပိုစတာများကို အသိပညာပေးပြသထားရှိကြောင်း သိရသည်။

ချစ်သက်လယ်(အိမ်မဲ)