ရွှေတောင်မြို့နယ်၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ

ရွှေတောင် မတ် ၂၃

ရွှေတောင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ပညာရေးဦးစီးဌာနနှင့် အားကစားနှင့် ကာယပညာ ဦးစီးဌာန တို့ပူးပေါင်းကာ ယနေ့နံနက်ပိုင်းက ရွှေတောင်မြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်းခွဲ၊ သရက်တော၊ ကျောင်းခန်းမ၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်စောက အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ "လူငယ်နှင့်စည်းကမ်း" ခေါင်းစဉ်ဖြင့် ဟောပြောပေးခဲ့သည်။ ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ငြိမ်းငြိမ်းသန့်က  ဟောပြောပွဲ ကျင်းပရခြင်းမှာ အနာဂတ်လူငယ်များဖြစ်တဲ့ ကျောင်းသား/သူလူငယ်များအား ထူးချွန်ထက်မြက်ပြီး အကျင့်စာရိတ္တ ကောင်းမွန်သောလူတော် လူကောင်းများ ဖြစ်လာစေရန်နှင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် မိမိတိုင်းပြည် အပေါ်ချစ်မြတ်နိုး စိတ်ဖြင့် ပြည်ထောင်စုစိတ်ဓာတ်၊ မျိုးချစ်စိတ်ဓာတ်များ ထာဝစဉ်ရှင်သန်ထက်မြက်စေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ရခြင်း ဖြစ်ကြောင်း ရှင်းလင်း ပြောကြားကာ "လူငယ်နှင့်စာရိတ္တ" ဆိုသည့် ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြော ခဲ့သည်။

ထို့နောက်  အားကစားနှင့် ကာယပညာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်နုနုဖြိုးက  " လူငယ်နှင့်အားကစား " ခေါင်းစဉ်နှင့် နွေရာသီ အခြေခံအားကစား သင်တန်းဖွင့်လှစ်ပေးမည့် အခြေအနေများကိုလည်းကောင်း၊ နည်းစနစ်မှူး ဒေါ်သပြေက အားကစားနှင့်ကာယပညာသိပ္ပံကျောင်း၏ ဖွင့်လှစ်ထားရှိမှုနှင့် အတွေ့အကြုံများကို အသီးသီး ရှင်းလင်းဟောပြောခဲ့ကြကြောင်း သိရသည်။

ယင်းနောက်  ဟောပြောပွဲသို့ တက်ရောက်လာကြသည့်  ဆရာ၊ ဆရာမများ၊ ကျောင်းသား / သူများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲများ ခင်းကျင်းပြသပြီး (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် " သတင်းစကား " လက်ကမ်း စာစောင်များအား အခမဲ့ဖြန့်ဝေ ပေးခဲ့ကြကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်