ဖောင်းပြင် မတ် ၂၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာ၊ အတတ်ပညာများ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် မျိုးချစ်စိတ်များ ရှင်သန်ထက်မြက်လာစေရန် ရည်ရွယ်၍ လူငယ်ရေးရာဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို မြို့နယ်အခြေခံပညာ ဦးစီးဌာနနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့ ပူးပေါင်း၍ ဖောင်းပြင်မြို့၊ အခြေခံပညာ အထက်တန်းကျောင်း၌ ယနေ့နံ နက် ၁၁ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်စပယ်ဦးက ကျောင်းသား၊ ကျောင်းသူများအနေဖြင့် နိုင်ငံတော်၏ အနာဂတ်လူငယ်များဖြစ်သည့်အတွက် နွေရာသီ ကျောင်းပိတ်ရက်များတွင် အသိပညာ၊ အတတ်ပညာများကို လေ့လာသင်ယူရင်း အချိန်ကိုအကျိုးရှိရှိ အသုံးချကျစေရန် ရည်ရွယ်ပြီး အသိပညာပေး ဟောပြောပွဲကို ကျင်းပရခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက်“လူငယ်နှင့်ရည်မှန်းချက်၊ စာတတ်ဖို့သာမက ပညာတတ်ဖို့ပါကြိုးစားကြ၊ လူငယ်နှင့်ပေါင်း သင်းဆက်ဆံရေး၊ လူငယ်နှင့် ကျန်းမာရေး၊ လူငယ်နှင့်ကြီးပွားရေး၊ မျိုးဆက်သစ် လူငယ်များ မျိုးချစ်စိတ် ရှင်သန်ထက်မြက်ရေး” စသည့် ခေါင်းစဉ်များဖြင့် အသိပညာပေး စကားများကို အကျယ်တဝင့်ပြောကြားပြီး ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှုခြင်း အလေ့အထများ ရရှိစေရန်အတွက် စာဖတ်ခြင်းကြောင့် ရရှိသည့် အကျိုးကျေးဇူးများကို ဥပမာပုံပြင်များဖြင့် ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ဖောင်းပြင်မြို့၊ အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ကိုထွန်း(ဖောင်းပြင်)