ရေနံချောင်းမြို့နယ်တွင် ပါဝင်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းအမည်စာရင်းများ ထုတ်ပြန် ကြေညာ

ရေနံချောင်း ဩဂုတ် ၃၁

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးတွင် ရေနံချောင်းမြို့နယ်အတွင်း ပါဝင်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းများကို ယမန်နေ့က စတင်ကာ ရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ခွဲရုံးအသီးသီးတွင် ထုတ်ပြန်ကြေညာထားကြောင်း သိရသည်။

ရေနံချောင်းမြို့နယ်တွင် နိုင်ငံရေးပါတီ(၆)ခုမှ လွှတ်တော်ကိုယ်စားလှယ်လောင်းများ ပါဝင်ယှဉ်ပြိုင်ကြ မည်ဖြစ်ရာ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် လွှတ်တော်ကိုယ်စားလှယ်လောင်း (၄)ဦး၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ်(၅)တွင် လွှတ်တော်ကိုယ်စားလှယ်လောင်း (၅)ဦး၊ တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ် အမှတ်(၁)တွင် လွှတ်တော်ကိုယ်စားလှယ်လောင်း (၅)ဦး၊ တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ်(၂)တွင် လွှတ်တော်ကိုယ်စားလှယ်လောင်း (၅)ဦးတို့က မဲဆန္ဒနယ်အသီးသီးတွင် ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရ သည်။

ရေနံချောင်းမြို့နယ်၌ ရပ်ကွက် ၁၄ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၂၉ အုပ်စုတွင် မဲရုံပေါင်း ၁၅၉ ရုံဖွင့်လှစ်ဆောင်ရွက်သွားမည်ဖြစ်ရာ ပါဝင်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းများကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ ကြော်ငြာသင်ပုန်းနှင့် သက် ဆိုင်ရာ ရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ခွဲရုံးများ၌ အများပြည်သူများ သိရှိမြင်သာနိုင်စေရန်အတွက် ထုတ်ပြန် ကြေညာထားကြောင်း သိရသည်။

ကိုစိုးကြီး