ငပု​တောမြို့နယ်အတွင်းရှိ ဒီးဒူးကုန်း​ကျေးရွာအုပ်စုတွင် လေပြင်းတိုက်ခတ်မှုကြောင့် လူ​နေအိမ် (၃)လုံးပျက်စီး

ငပု​တော မတ် ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပု​တောမြို့နယ်၊ ဒီးဒူးကုန်းကျေးရွာအုပ်စု၊ ​မေဒါအိုင်ကျေးရွာ ၌ ယမန်နေ့  ည​နေ (၅)နာရီ၊ မိနစ် (၃၀)အချိန်က လေပြင်းတိုက်ခတ်၍ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဒီးဒူးကုန်း​ကျေးရွာရှိ   လူ​နေအိမ်(၁)လုံးမှာ အမိုးလန်ပျက်စီးသွားပြီး မေဒါအိုင်​ကျေးရွာရှိ လူ​နေအိမ်(၂)လုံး​ ပြိုကျပျက်စီးသွားခဲ့ကြောင်း သိရသည်။ ​လေပြင်းတိုက်ခတ်မှု​ကြောင့်  ဒီးဒူးကုန်း​ကျေးရွာအုပ်စု၊ ​ ဒီးဒူးကုန်း​ကျေးရွာ​နေ ဦး​ဌေးဝင်း ပိုင်ဆိုင်​သော  အလျား(၁၈)​ပေ၊ အနံ(၂၇)​ပေ၊ အမြင့်(၁၅)​ပေရှိ  ကွန်ကရစ်ခင်း၊ ​ကျောက်ပြားကာ၊ သွပ်မိုးအိမ်မှာ သွပ်အမိုး လန်ပျက်စီးသွားခဲ့ပြီး  ​မေဒါအိုင်​ကျေးရွာ​နေ ဦးငယ်​လေးပိုင်ဆိုင်​သော အလျား(၁၂ )​ပေ၊ အနံ(၁၂)​ပေ၊ အမြင့် (၁၀)​ပေရှိ  ပျဉ်ခင်း၊ ဓနိမိုး၊  ဓနိကာ​နေ အိမ်(၁)လုံးနှင့် ဦးဆန်းမင်းပိုင်ဆိုင်​သော အလျား (၁၅ )ပေ၊ အနံ(၁၅)​ပေ၊ အမြင့်(၁၅)​ပေရှိ ပျဉ်ခင်း၊ ဓနိမိုး၊ ဓနိကာ​နေအိမ်(၁)လုံးတို့မှာ ပြိုကျပျက်စီးခဲ့ကြောင်း သိရှိရသည်။

လတ်တလောအခြေအနေတွင် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် ရွာသူရွာသားများက အဆိုပါ နေအိမ်ပြိုကျပျက်စီးသွားသည့်  အိမ်ထောင်စု(၃)စုရှိ မိသားစုဝင်(၁၀)ဦးတို့အား ဝိုင်းဝန်းကူညီ၍ နီးစပ်ရာ ဆွေမျိုးသားချင်းများ၏ ​နေအိမ်များတွင် ယာယီပြောင်းရွှေ့ နေရာချထားပေးထားကြောင်း သိရှိရပြီး အဆိုပါ ဖြစ်စဉ်ကြောင့် လူနှင့်တိရိစ္ဆာန်ထိခိုက် ပျက်စီးမှုမရှိခဲ့ကြောင်း မြို့နယ်အ​ထွေ​ထွေ အုပ်ချုပ်​ရေးဦးစီးဌာနရုံးမှ  သိရှိရသည်။                           

နုနု​အေး(ပြန်/ဆက်)