မင်းဘူး မတ် ၂၂
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်တွင် မုန်တိုင်းကျရောက်ခြင်း အန္တရာယ်မှ ကာကွယ်နိုင်ရန် လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ အသံချဲ့စက်ဖြင့် အသိပညာပေးနှိုးဆော်ခြင်းတို့ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထို့ကဲ့သို့ ဆောင်ရွက်ရာတွင် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန မင်းဘူးခရိုင် ဘေးအန္တရာယ် စီမံခန့်ခွဲမှု ဦးစီးဌာနရုံးမှ ခရိုင်ဦးစီးမှူး ဒေါ်ကေသွယ်ဝင်းနှင့် ဝန်ထမ်းများသည် မတ်လ ၂၂ ရက်နေ့ နံနက် ၁၀ နာရီအချိန်က မုန်တိုင်းလမ်းကြောင်းနှင့် အနီးဆုံးနေရာဖြစ်သော မန်းရွှေစက်တော် ဘုရားနှင့် ဘုရားကျေးရွာတို့အား အသိပညာပေးနှိုးဆော်ခြင်း လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ဖြင့် မုန်တိုင်းအန္တရာယ်မှ ကာကွယ်ရေး နည်းလမ်းများကို ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ ဆောင်ရွက်မှုတွင် ကပ္ပလီပင်လယ်၊ ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတို့တွင် ဖြစ်ပေါ်နေသည့် အားကောင်းသော မုန်တိုင်းငယ်၏ အရှိန်ကြောင့် ဖြစ်ပေါ်လာနိုင် သည့် သဘာဝဘေးအန္တရာယ်များအား ကြိုတင်သတိပြုကာကွယ်နိုင်ရန် ဆောင်ရန်ရှောင်ရန် စသော မုန်တိုင်းသတိပေးချက်များကို နှိုးဆော်ဆောင်ရွက်ခဲ့ကြောင်း ခရိုင်ဘေးအန္တရာယ်စီမံခန့်ခွဲမှု ဦးစီးဌာနမှ သိရသည်။
ဇေယျာထက်(မင်းဘူး)