သရက်မြို့၌ မုန်တိုင်းအန္တရာယ် သတိပေးချက်များအား မြို့ပေါ်ရပ်ကွက်များတွင် လှည့် လည်ကြေညာ

သရက် မတ် ၂၃

မကွေးတိုင်းဒေသကြီး၊  သရက်မြို့၌ မုန်တိုင်းအန္တရာယ် သတိပေးချက်များအား မြို့ပေါ်ရပ်ကွက်များတွင် လှည့်လည်ကြေညာပေးခြင်းနှင့် အသိပညာပေး လက်ကမ်း စာစောင် ဖြန့်ဝေခြင်းများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနတို့က ယမန်နေ့ ညနေ ၄ နာရီတွင် ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ သတိပေးကြေညာခြင်းများ ဆောင်ရွက်ရာတွင် ၂၀၂၂ ခုနှစ်၊ မတ်လ ၂၁ ရက်နေ့၊ မြန်မာ စံတော်ချိန် နေ့လယ် ၃ နာရီ ၃၀ မိနစ်အချိန်တိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ် အော်အရှေ့အလယ်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော အားကောင်းသည့် လေဖိအားနည်း ရပ်ဝန်းသည် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ရောက်ရှိနေပြီး မုန်တိုင်းငယ် သည်နောက် (၄၈) နာရီအတွင်း ဆိုင်ကလုန်း မုန်တိုင်းအဖြစ်သို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်း ထားရှိပါသည်။

သို့ဖြစ်ပါ၍ မုန်တိုင်းအရှိန်ကြောင့် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မြစ်ငယ်၊ ချောင်းငယ်များနှင့် တောင်ကျချောင်းများတွင် လျှပ်တစ်ပြက် ရေကြီးခြင်း၊ ကုန်းမြင့်တောင်တန်းဒေသများတွင် မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့် သတိပြုနေထိုင်ကြပါရန်နှင့် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားရေးဦးစီးဌာန၏ ထုတ်ပြန် ချက်များအား မြို့ပေါ်ရပ်ကွက်များအတွင်း အသိပေးနှိုးဆော်ကြေညာခြင်းနှင့် လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ထုတ်ဝေသည့် မုန်တိုင်းဘေး ပညာပေးစာစောင်များဖြန့်ဝေခဲ့ကြောင်း သိရသည်။

ခရိုင်ပြန်/ ဆက်