သာပေါင်းမြို့နယ်၊ ကတတ်ရိုးကျေးရွာတွင် မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် (၁)လုံး ပြိုလဲ၊ နေအိမ်(၁)လုံး အမိုးလန်မှုဖြစ်ပွား

သာပေါင်း မတ် ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ကျားရဲ‌ကျေးရွာအုပ်စု၊ ကတတ်ရိုးကျေးရွာ၌ ယမန်နေ့ နံနက် ၁၁ နာရီခွဲအချိန်ခန့်က မိုးသက်လေပြင်းတိုက်ခတ်၍ မိုးသည်း ထန်စွာရွာသွန်းမှု ကြောင့် (အလျား ၂၅ ပေ၊ အနံ ၁၀ ပေ) ဓနိမိုး၊ ဓနိကာ၊ ပျဉ်ခင်းနေအိမ် (၁)လုံးပြို ကျပျက်စီးခဲ့ပြီး (အလျား၂၅ ပေ၊ အနံ၁၀ ပေ) သွပ်မိုး၊ ဓနိကာ၊ ပျဉ်ခင်း နေအိမ်(၁)လုံး သွပ်(၁၀)ချပ် အမိုးလန် ဆုံးရှုံးခဲ့ရသည်။

မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် ဦးအောင်မင်းမိသားစု နေထိုင်အိမ်(၁)လုံး ပြိုလဲ၊ ဦးကျော်ဇင်မင်း မိသားစုနေအိမ် သွပ်မိုးများလန်၍ ပျက်ဆီးဆုံးရှုံးခဲရသော မိသားစုများအား မြို့မ ရဲစခန်း ဒုရဲအုပ် အောင်မိုးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ ဦးစီးမှူး ဦးကျော်သူလွင်နှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီအသင်း၊ တပ်ခွဲမှူး ဦးဇော်ဝင်းနိုင်၊ ကျေးရွာအုပ်စုအုပ်ချုပ် ရေးမှူးနှင့် ရွာသူရွာသားများမှ ပြိုပျက်နေအိမ် အိမ်ထောင်စု(၁)စုရှိ မိသားစုဝင်(၅)ဦး၊ နေအိမ် အမိုးလန်အိမ်ထောင်စု(၁)စုရှိ မိသားစုဝင်(၃)ဦးတို့ကို ဝိုင်းဝန်းကူညီ၍ နီးစပ်ရာ ဆွေမျိုးသားချင်း များ၏ နေအိမ်များတွင် ယာယီပြောင်း ရွှေ့နေရာချထားပေးခဲ့ပြီး ထိုဖြစ်စဉ်ကြောင့် လူနှင့် တိရစ္ဆာန် အသက်အန္တရာယ်၊ အခြားထိခိုက်ပျက်စီးမှု မရှိခဲ့ကြောင်း သိရသည်။

မျိုးဇော်သိန်း