လူငယ်ရေးရာဟောပြောပွဲ(ထားဝယ်)မှ ထွက်ပေါ်လာသော လူငယ်များ၏စကားသံများ

ထားဝယ် မတ် ၂၃

နိုင်ငံတစ်ဝန်း လူငယ်ဘက်စုံဖွံ့ဖြိုးရေးအစီအစဉ်များအဖြစ် အခြေခံပညာကျောင်းများတွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲများကို ကျင်းပဆောင်ရွက်လျက်ရှိပါသည်။

ထားဝယ်မြို့ အမှတ်−၃ အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပသည့် လူငယ်ရေးရာ အသိပညာ ပေးဟောပြောပွဲတွင် တက်ရောက်လာကြသည့် ကျောင်းသား/ကျောင်းသူ လူငယ်များနှင့် တွေ့ဆုံမေးမြန်းထားသည့် စကားသံများကို  ရေးသားဖော်ပြ လိုက်ရပါသည်။

မောင်ဇင်ကိုထွဋ်၊ Grade-10၊ အထက−၁၊ ထားဝယ်

ပညာဗဟုသုတတွေ အများကြီးရတယ်၊ အားကစားနဲ့ပတ်သက်တာတွေလည်း သိရတယ်။ လူငယ်တွေ မျိုးချစ်စိတ်တိုးပွားအောင် လုပ်ပေးတယ်၊ နွေရာသီကျောင်းပိတ်ရက်မှာ အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာနက ဖွင့်လှစ်တဲ့ အားကစားသင်တန်းတွေ တက်မယ်လို့ စိတ်ကူးထားပါတယ်။ ပြီးတော့ ကွန်ပျူတာသင်တန်းတွေ တက်ဖို့လည်း စိတ်ကူးထားပါတယ်။

မောင်ထွဋ်လင်းထိုက်၊ Grade-10၊ အထက−၃၊ ထားဝယ်

ပညာရေးဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာနနဲ့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနတို့ ပူးပေါင်း ပြီး လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ပြုလုပ်ပေးတာ အရမ်းကို ပီတိဖြစ်မိပါတယ်။ လူငယ်တွေက နွေရာသီကျောင်းပိတ်ရက်တွေမှာဆိုရင် အိမ်တွင်းအောင်းပြီး ဂိမ်းဆော့နေတာများပါတယ် ခင်ဗျာ။ အခုလို ထားဝယ်လူထုအခြေပြုဗဟိုဌာနမှာ သင်တန်းတွေ ဖွင့်လှစ် ပေးမယ်ဆိုတဲ့အတွက် အိမ်မှာ ဂိမ်းနှိပ်ပြီး အချိန်ကို ကုန်ဆုံးစရာမလိုဘဲ သင်တန်းများကို တက်ရောက်ပြီး အချိန်ကို အကျိုးရှိစွာ အသုံးချလို့ရပါတယ်ခင်ဗျာ။ နွေရာသီမှာ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနက ဖွင့်လှစ်တဲ့ သင်တန်းကို တက်ရောက်မယ်၊ ပညာရေးနဲ့ သက်ဆိုင်တဲ့ သင်တန်းတစ်ခုခုကို တက်ရောက်မယ်၊ ကွန်ပျူတာ သင်တန်း၊ အင်္ဂလိပ်စာ သင်တန်းတို့ကို တက်ရောက်ပြီး အချိန်ကို အကျိုးရှိစွာ အသုံးချမယ်လို့ စဉ်းစားထားပါတယ်။

မောင်ဝင်းမိုးကျော် Grade-8 အထက−၄၊ ထားဝယ်

ဒီနေ့ ကျင်းပပြုလုပ်ပေးတဲ့ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို တက်ရောက်ခွင့်ရတဲ့ အတွက် အထူးဝမ်းသာမိပါတယ်။ ဒီနေ့ပွဲမှာ ကျွန်တော့်အနေနဲ့ ကျောင်းသား၊ ကျောင်းသူ လူငယ်တိုင်း စိတ်ဓာတ်ကောင်းရမယ် စည်းကမ်းကောင်းရမယ်ဆိုတဲ့ အချက်ပဲဖြစ်ပါတယ် ခင်ဗျာ။ လူတော်လူကောင်းဖြစ်ဖို့ အမြဲတမ်းကြိုးစားဆောင်ရွက်နေရမှာဖြစ်ကြောင်းနှင့် အားကစားပြု လုပ်ခြင်းဖြင့် ကိုယ်ကျန်းမာပြီး စိတ်ရွှင်လန်းကြောင်းတို့ကို သိရှိရပါတယ်ခင်ဗျား။ နွေရာသီကျောင်းပိတ်ရက်တွေ မှာလည်း မိမိအတွက် အကျိုးရှိမည့် သင်တန်းများကို ဆက်လက်သင်ကြားသွားဖို့ရှိပါတယ်။

မောင်နေသူရိန်ရှိန်း၊ Grade-10 အထက−၆၊ ထားဝယ်

လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို တက်ရောက်ခွင့်ရတဲ့အတွက် ကျေးဇူးတင်မိ ပါတယ်၊ ဒီနေ့ပွဲမှာ ကျွန်တော့်အနေနဲ့ ရရှိတဲ့ ဗဟုသုတတွေကတော့ လာမယ့် နွေရာသီကျောင်းပိတ်ရက်တွေမှာ အိမ်မှာနေပြီး တယ်လီဖုန်းပဲကြည့်ပြီး ဂိမ်းဆော့ကစား တာတွေကို မလုပ်တော့ဘဲ ပြင်ပဗဟုသုတတွေ ရအောင် စွဲစွဲမြဲမြဲလေ့လာမှတ်သား ဆောင်ရွက် သွားဖို့ အစွမ်းကုန်စိတ်ကူးထား ပါကြောင်းနှင့် ဆက်လက်ပြီးလည်း အားကစား သင်တန်းတက်ဖို့ ရည်ရွယ်ထားပါတယ်ခင်ဗျာ။

မလဲ့လဲ့ဦး၊ Grade-10၊ အထက−၈၊ ထားဝယ်

ဒီနေ့ကျင်းပပြုလုပ်တဲ့ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို တက်ရောက် ပါဝင်ခွင့်ရတဲ့အတွက် ဝမ်းသာပီတိဖြစ်မိပါတယ်။ စာပေနဲ့ပတ်သက်လို့ သမီးတို့အနေနဲ့ မသိသေးတာတွေကို လေ့လာဖို့ ဖတ်ရှုဖို့တို့ကို လိုအပ်ပါတယ်၊ အားကစားနဲ့ပတ်သက်ပြီး ကိုယ်လက်ကြံ့ခိုင်မှုတွေလုပ်ဖို့ လိုအပ်တဲ့အကြောင်း၊ အားကစားတွေ ပုံမှန်ပြုလုပ်ပေးနေပါက ကျန်းမားရေးကောင်းမွန်နိုင်တဲ့ အကြောင်းနဲ့ လူတော်လူကောင်း တစ်ယောက်ဖြစ်အောင် အမြဲတမ်းကြိုးစားဆောင်ရွက်နေရမှာဖြစ်ကြောင်း၊ နွေရာသီကျောင်း ပိတ်ရက်တွေ ရောက်လို့ရှိရင် အင်္ဂလိပ်စာသင်တန်းတွေကို ဆက်လက်လေ့လာ သင်ကြားသွားဖို့ပြောကြား ပေးတဲ့အတွက် နွေရာသီကျောင်းပိတ်ရက်အတွက် ဒီဟောပြောပွဲကနေ အတွေးစိတ်ကူးတွေ ရရှိခဲ့ပါတယ်။

မမေရတီကျော် Grade-8 အထက−၇၊ ထားဝယ်

ဒီနေ့ကျင်းပပြုလုပ်တဲ့ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို တက်ရောက်ပါဝင်ခွင့် ရသည့် အတွက် ဝမ်းသာမိပါတယ်ရှင်။ ဒီနေ့လိုမျိုးလာရောက် အသိပညာပေးသည့်အတွက် နေ့စဉ်ဘဝမှာ လှုပ်ရှားနေတဲ့ စိတ်ဓာတ်အခြေအနေ စည်းကမ်းအခြေအနေ အနာဂတ်မှာ ဘယ်လိုနေထိုင် ကျင့်ကြံရမယ်ဆိုတာလေးတွေကို သိခွင့်မှတ်သားခွင့်ရရှိပါတယ်ရှင်။ ဆက်လက်ပြီး စိတ်ဓာတ် ကောင်းမွန်လို့ရှိရင်လည်း အရာရာအောင်မြင်နိုင်တယ်ဆိုသည့် စကား လက်ဆောင်လေးများကိုလည်း မှတ်သားလိုက်ရပါတယ်ရှင်။ အားကစားပြုလုပ်ခြင်းဖြင့် ရရှိနိုင်သည့် အကျိုးကျေးဇူးတွေကို သိခွင့်ရရှိခဲ့ပါတယ်။ နွေရာသီကျောင်းပိတ်ရက် များမှာလည်း အင်္ဂလိပ်စာသင်တန်းများကို ဆက်လက်လေ့လာ သွားမှာ ဖြစ်ပါတယ်။

ထားဝယ် (ပြန်/ဆက်)