ဂန့်ဂေါ သြဂုတ် ၃၁
ဂန့်ဂေါမြို့နယ်အတွင်း ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ် CERP ၏ ထောက်ပံ့မှုအရ ၂၀၂၀ ပြည့်နှစ်၊ မိုးရာသီတွင် ဆင်းသုခစပါးမျိုး မျိုးစေ့ထုတ်လုပ်ငန်း (၄၆၀) ဧကကို ဆောင်ရွက်လျက်ရှိရာ ယခုအခါ မျိုးစေ့ထုတ်စိုက်ခင်းများအားလုံး စိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ဂန့်ဂေါမြို့နယ် နှမ်းခါးကျေးရွာရှိ ဆင်းသုခစပါး မျိုးစေ့ထုတ်စိုက်ခင်းတွင် ကွင်းသရုပ်ပြပွဲကို ဩဂုတ်လ ၃၀ ရက် နေ့လယ်ပိုင်းကပြုလုပ်ခဲ့ရာ ကွင်းသရုပ်ပြပွဲတွင် ဂန့်ဂေါမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးစီးအရာရှိ ဦးထင်အောင်ကြွယ်က မျိုးစေ့ထုတ်စိုက်ခင်းတွင် မျိုးသန့်ရရှိရေးအတွက် ခြောက်တန်း တစ်တန်းလှပ်စနစ်ဖြင့် စိုက်ပျိုးရခြင်း၏ ရည်ရွယ်ချက်များ၊ အကျိုးကျေးဇူးများ၊ မျိုးကွဲ နှုတ်ပယ်ခြင်း လုပ်ငန်းဆောင်ရွက်ရန် နည်းစနစ်များကို ရှင်းလင်းပြောကြားခဲ့သည်။
ကွင်းသရုပ်ပြပွဲသို့ ရွှေဘိုကျေးရွာ၊ တောင်ခင်ရန်းကျေးရွာနှင့် နှမ်းခါးကျေးရွာတို့မှ တောင်သူများ လာရောက်လေ့လာကြပြီး ဂန့်ဂေါမြို့နယ်အတွင်း ၂၀၂၀ ပြည့်နှစ်၊ မိုးရာသီတွင် ဆင်းသုခစပါးမျိုး မျိုးစေ့ ထုတ်လုပ်ငန်း (၄၆၀) ဧကကို ကျေးရွာ (၁၀)ရွာ၌ မျိုးစေ့ထုတ်သမဝါယမနှင့် မျိုးစေ့ထုတ်အသင်းများ၊ အကျိုးဆောင်တောင်သူများက ဆောင်ရွက်လျက်ရှိသည်။
ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ် CERP ၏ ထောက်ပံ့မှုအရ မျိုးစေ့ထုတ်စိုက်ခင်း တစ်ဧက လျှင် မျိုးစေ့ဖိုးအပါအဝင် ထောက်ပံ့ငွေ (၁၄၈၅၀၀) ကျပ် (ကျပ်တစ်သိန်းလေးသောင်း ရှစ်ထောင့် ငါးရာ တိတိ)ကို ထောက်ပံ့သွားမည်ဖြစ်ရာ ပထမအသုတ်အဖြစ် မျိုးစေ့ဖိုးနှင့် စိုက်ပျိုးစရိတ် တစ်ဧကလျှင် (၈၃၅၀၀) ကျပ်နှုန်းဖြင့် (၄၆၀) ဧကအတွက် (၃၈၄၁၀၀၀၀)ကျပ် (ကျပ်သုံးရာ ရှစ်ဆယ့် လေးသိန်း တစ်သောင်းတိတိ)ကို ထောက်ပံ့ပေးပြီးဖြစ်ကြောင်း သိရသည်။
တောင်သားမောင်သန်း