သီးထပ်သီးညှပ်များဖြင့် မြေလွတ်မြေလပ်မကျန် စိုက်ပျိုးလုပ်ကိုင်ကြမှသာ လယ်ယာထုတ်ကုန်များ ပိုမိုထုတ်လုပ်နိုင်မည်

ဘားအံ မတ် ၂၃

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ သံလှယ်ကျေးရွာအနီးရှိ သံလှယ်လျှပ်စစ်မြစ်ရေတင်လုပ်ငန်း၏ အကျိုးပြုဧရိယာအတွင်း စိုက်ပျိုးထားရှိသော နွေစပါးများအား မြေဩဇာကြဲပက်ခြင်း ကွင်းသရုပ်ပြပွဲကို မတ်လ ၂၂ ရက်နေ့ နံနက်ပိုင်းက တောင်သူဦးကျော်ဆန်းဝင်း၏ ဆင်းသုခနွေစပါးစိုက်ခင်း၌ ကျင်းပသည်။

ဦးစွာ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် အစိုးရအဖွဲ့ဝင်များသည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်)၏ သံလှယ်လျှပ်စစ်မြစ်ရေ တင်လုပ်ငန်းမှ ရေပေးဝေနိုင်သည့် အကျိုးပြုဧရိယာအတွင်း နွေသီးနှံစိုက်ပျိုးပြီးစီးမှုအခြေအနေများအား မေးမြန်းဆွေးနွေးရာ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲ ရေးဦးစီးဌာန(ရေအရင်းအမြစ်) ပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက နွေစပါးနှင့် အခြားသီးနှံစိုက်ပျိုးပြီးစီးမှုအခြေအနေ၊ ပင်မမြောင်း၊ လက်တံမြောင်းများမှတစ်ဆင့် တောင်သူများစိုက်ပျိုး ရေ လုံလောက်စွာရရှိနိုင်ရေးအတွက် စီမံခန့်ခွဲပေးနေမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်နယ် ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး လိုအပ်သည်များ မှာကြားသည်။

ထို့နောက် ကရင်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနမှကြီးမှူး၍ သံလှယ်မြစ်ရေတင်လုပ်ငန်း အကျိုးပြု ဧရိယာအတွင်းရှိ တောင်သူဦးကျော်ဆန်းဝင်း၏ ဆင်းသုခနွေစပါး(၂)ဧကစိုက်ခင်း၌ မြေဩဇာကြဲ ပက်ခြင်း ကွင်းသရုပ်ပြပွဲကို ကျင်းပရာ အဆိုပါဧရိယာအတွင်း စိုက်ပျိုးလုပ်ကိုင်ကြသည့် တောင်သူ လယ်သမားများ တက်ရောက်ခဲ့ကြပြီး ကရင်ပြည်နယ်ဝန်ကြီးချုပ်က သံလှယ်ကျေးရွာရှိ လယ်ယာ မြေများသည် မိုးရာသီတွင်ရေဖုံးလွှမ်း၍ တောင်သူများစိုက်ပျိုး လုပ်ကိုင်၍မရဘဲ ရေကျနောက်စိုက် နှင့်နွေစပါးကိုသာ အဓိက အားထားလုပ်ကိုင်ကြရကြောင်း၊  စိုက်ပျိုးရေရရှိရေးမှာ ဌာနဆိုင်ရာ များ၏တာဝန်ဖြစ်ပြီး စိုက်ပျိုးလုပ်ကိုင်ကြရမည်မှာ တောင်သူလယ်သမားကြီးများ၏ တာဝန်ဖြစ် ကြောင်း၊  သီးထပ်သီးညှပ်များဖြင့် မြေလွတ်မြေလပ်မကျန် စိုက်ပျိုးလုပ်ကိုင်ကြမှသာ လယ်ယာ ထုတ်ကုန်များ ပိုမိုထုတ်လုပ်နိုင် မည်ဖြစ်ပြီး ပြည်တွင်း၊ပြည်ပသို့တင်ပို့ရောင်းချနိုင်မည်ဖြစ်ကြောင်း၊ များများစိုက်ပြီး အထွက်နှုန်းတိုးရန် ဝိုင်းဝန်းကြိုးပမ်းကြစေလိုပြီး လိုအပ်သည့်အခက်အခဲများကို ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်အဖွဲ့သည် စိုက်ပျိုးရေးဦးစီးဌာန၏ ဆင်းသုခနွေစပါး (၂)ဧက စိုက်ခင်းသို့ သဘာဝမြေဩဇာနှင့် ယူရီးယားဓါတ်မြေဩဇာ ရောနှောကြဲပက်ခြင်း ကွင်းသရုပ်ပြပွဲကို ကြည့်ရှုအားပေးပြီး သံလှယ်လျှပ်စစ်မြစ်ရေတင် အကျိုးပြုဧရိယာ(၈၀၀)ဧကအတွင်း နွေးစပါး၊ နှမ်း၊ ပဲအမျိုးမျိုးနှင့်အခြားသီးနှံများ စိုက်ပျိုးထားရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေး ခဲ့သည်။

ယင်းနောက် ကရင်ပြည်နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ကြီးမှူး ကျင်းပသော ကရင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါတတိယလှိုင်းကာလ၌ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြသည့် စေတနာ့ဝန်ထမ်း ပရဟိတအဖွဲ့အစည်းများမှ လူပုဂ္ဂိုလ်များအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ချီးမြှင့်သည့် အခမ်း အနားကို နံနက် ၁၀ နာရီခန့်က ဘားအံမြို့၊ဇွဲကပင်ခန်းမ၌ ဆက်လက်ကျင်းပရာ ကရင်ပြည်နယ် ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ခေတ္တပြည်နယ်တရားလွှတ်တော် တရား သူကြီးချုပ်ဒေါ်ခင်ဆွေထွန်း၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ပြည်နယ် အဆင့်ဌာန ဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြသည်။

ဂုဏ်ပြုချီးမြှင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ဂုဏ်ပြုသင့်ဂုဏ်ပြုထိုက်သူများကို ဂုဏ်ပြုခြင်းဖြစ်ပြီး မိမိတို့၏ တန်ဖိုးရှိသောအချိန်၊လုပ်အားများကို ပြည်သူများအတွက် ပေးဆပ် ခဲ့သည့် စေတနာ့ဝန်ထမ်းများ၏ စေတနာကို အသိအမှတ်ပြု ကျေးဇူးတင်ရှိမှုကို ပြသခြင်းဖြစ် ကြောင်း၊ အရေးပေါ်ထိန်းချုပ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှု စေတနာ့ဝန်ထမ်းပရဟိတ အဖွဲ့ အစည်းများ၏ ပူးပေါင်းပါဝင်မှုကြောင့်သာ ရေဂါပိုးတွေ့ရှိနှုန်းနှင့်သေဆုံးနှုန်းတို့ကို သိသိသာသာ လျော့ကျလာအောင် ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ ပြည်နယ်အတွင်းရောဂါကူးစက်ခံရသူ တစ်သောင်းကျော်ရှိခဲ့ပြီး ကာကွယ်ဆေးများကိုလည်း ၅၀ ရာခိုင်နှုန်းကျော်သောပြည်သူများအား ထိုးနှံပြီးဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Booster Dose) ထိုးနှံခြင်းလုပ်ငန်း တွင်လည်း ထပ်မံပူးပေါင်းပါဝင်ပေးစေလိုကြောင်း၊ တက်တက်ကြွကြွဆောင်ရွက်ပေးခဲ့ကြသည့် တစ်ယောက်စီတိုင်းကို မှတ်တမ်းတင်ဂုဏ်ပြုပါကြောင်းနှင့် ဂုဏ်ယူကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။

ထို့နောက် စေတနာ့ဝန်ထမ်းများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ရာ ပြည်နယ်ဝန်ကြီးချုပ်က မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအသင်း(ဘားအံ)၊ မာဃလူမှုကူညီရေးအသင်း(ဘားအံ)နှင့် ဘားအံမြို့နယ်ကြက်ခြေနီအသင်းတို့အားလည်းကောင်း၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမျိုးမင်းနောင်က ဖြူစင်နှလုံးသား (ဘားအံ)၊ ဖလုံပညာတိုးတက်ရေးယူနစ် (PEDU)၊ ပေးဆပ်သူနှလုံးသား(ဘားအံ)တို့အားလည်းကောင်း၊ ပြည်နယ်လူမှုရေးရာဝန်ကြီးဦးစိုးလွင်က လှိုင်းဘွဲ၊ ကော့ကရိတ်၊ မြဝတီမြို့နယ်များရှိ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား လည်းကောင်း ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ယင်းနောက် ဂုဏ်ပြုမှတ်တမ်းလွှာ ချီးမြှင့်ခံရသူများကိုယ်စား ဖလုံပညာတိုးတက်ရေးယူနစ်(PEDU)ဥက္ကဋ္ဌက ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များသည် ဂုဏ်ပြုခံစေတနာ့ဝန်ထမ်းများအား ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးစကားများ ပြောကြားခဲ့ကြောင်း သတင်းရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)