ပခုက္ကူ မတ် ၂၂
ပြည်ပနိုင်ငံများအထိ ဈေးကွက်ထိုးဖောက်သည့် ချင်းပြည်နယ်မှ ဝဥမျိုးများကို ပခုက္ကူမြို့နယ်၊ ငဖောင်ကန်ကျေးရွာအနီး ရွှေနယုန်ဝဥစက်ရုံတွင် ဝဥအစိုတစ်ပိဿာကို ငွေကျပ် ၉၅၀ ဖြင့် ရောင်းချနေရကြောင်း သိရသည်။
"ကျွန်တော်ဒီနေ့လာရောင်းတဲ့ ဝဥအစိုကတော့ ပိဿာပေါင်း(၂၀၀၀)ခန့်ရှိပါတယ်၊ ဝဥ စိုက်ပျိုးလုပ်ကိုင်တာ ငါးနှစ်ရှိပါပြီ၊ စိုက်ပျိုးထားတဲ့စိုက်ခင်းသက်တမ်း သုံးနှစ်ပြည့်မှ တူးဖော်ရောင်းချရခြင်းဖြစ်ပြီး နှစ်စဉ်ရောင်းချနိုင်ရေး ရွှေ့ပြောင်းတောင်ယာစနစ်ဖြင့် ပုံမှန် စိုက်ပျိုးလုပ်ကိုင်ရကြောင်း၊ ချင်းတောင်ပေါ်ဒေသတွေမှာ ဓာတ်မြေဩဇာထည့်၊ ပေါင်းသတ် ဆေး အသုံးစိုက်ပျိုးလုပ်ကိုင်သူနည်းပါးပြီး မိသားစုများတဲ့ အိမ်ထောင်စုဝင်တွေအနေနဲ့ တစ်နှစ် ကို အမြတ်ငွေ သိန်း(၁၀၀)ကျော်ရရှိကြပါတယ်၊ ကျွန်တော်အခုလာရောင်းလို့ရတဲ့ငွေကနေ စိုက်ခင်းပေါင်း သင်ခ၊ တူးဖော်ခနှင့် တောင်ယာမှသယ်ယူစရိတ် တွေအပါအဝင်နဲ့ လာရောက် ရောင်းချတဲ့မော်တော်ယာဉ် တင်ဆောင်ခတွေ နှုတ်မယ်ဆိုရင် အမြတ်ငွေသိန်း (၆၀) ကျော် လောက်ပဲ ရမှာဖြစ်ပါတယ်၊ ယခင်နှစ်တွေမှာ ဝဥအစိုတစ်ပိဿာကို အများဆုံးငွေကျပ် (၁၈၅၀) ဖြင့် ရောင်းချခဲ့ပြီး ယခုနှစ် ငွေကျပ်(၉၅၀)ဖြင့် ရောင်းချရ နေရပါတယ်၊ ချင်းပြည်နယ် မြောက်ပိုင်းမှာတော့ ဝဥအစိုတစ်ပိဿာ ငွေကျပ်(၁၀၀၀)ကျော်ဖြင့် အရောင်းအဝယ် ပြုလုပ် နေကြတယ်လို့ သိရပါတယ်၊ ကျွန်တော်တို့တောင်သူတွေအနေနဲ့ ကိုဗစ်-၁၉ရောဂါဘေး အပါအဝင် ပြည်တွင်းခရီးသွားလာရေးလုပ်ငန်းများ အဆင်ပြေချောမွေ့ပြီး ဝဥဈေးကောင်းဖို့သာ မျှော်လင့်နေကြပါတယ်" ဟု ချင်းပြည်နယ်မင်းတပ်မြို့နယ်မှ ဝဥလာရောက်ရောင်းချသူတစ်ဦး က ပြောပြသည်။
"ကျွန်တော်တို့စက်ရုံတည်ထောင်တာ သုံးနှစ်ခန့်ရှိပါပြီ၊ ကျွန်တော်တို့ ဝယ်ယူတဲ့ ဝဥမျိုးတွေက တော့ ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ်နှင့် ကန်ပက်လက်မြို့နယ်တွေက ထွက်ရှိလာ တဲ့ ဝဥမျိုးတွေပဲဖြစ်ပါတယ်၊ ကျွန်တော်တို့ဝဥအစိုကို ဖေဖော်ဝါရီလမှစတင်ဝယ်ယူခဲ့ကြတာ ဖြစ်ပြီး နေ့စဉ်ပိဿာချိန်ပေါင်း အနည်းဆုံး (၃၀၀၀)ကနေ အများဆုံး (၁၀၀၀၀)ခန့်အထိ ဝယ်ယူရကြောင်း၊ ဝယ်ယူရရှိတဲ့ဝဥမျိုးတွေကို တရုတ်နိုင်ငံနှင့်ကိုးရီးယားနိုင်ငံတွေထံ အဓိက ပြန်လည်တင်ပို့ရောင်းချရတာကြောင့် ပြည်ပပြည်သူတွေရဲ့ ဝယ်ယူသုံးစွဲမှုအပေါ်မူတည်ပြီး ဈေးနှုန်းအတက်အကျရှိပြီး ယခင်နှစ်မှာ ဝဥအစိုတစ်ပိဿာကို အများဆုံးငွေကျပ် ၁၈၅၀ အထိ လက်ခံဝယ်ယူခဲ့ပေမယ့် ယခုနှစ်မှာတော့ ငွေကျပ် ၉၅၀ နဲ့ လက်ခံဝယ်ယူနေပါတယ်၊ ဝယ်ယူ ထားတဲ့ ဝဥအစိုတွေကို စက်ရုံကနေ ရေဆေးကြောသန့်စင်၊ ကြိတ်ခွဲ၊ အခြောက်လုပ်ပြီး နောက်ဆုံးအမှုန့်ဖြစ်တဲ့အထိ လုပ်ငန်းစဉ်အဆင့်ဆင့် လုပ်ဆောင်ပေးရပါတယ်။ အခုနောက်ပိုင်း ကာလတွေမှာ ဝဥအခြောက်တစ်ပိဿာကို ငွေကျပ် ၆၅၀၀ဖြင့် လက်ခံဝယ်ယူပါတယ်၊ ပြည်ပနိုင်ငံတွေမှာ ဝဥမျိုးကို ခေတ်မီနည်းပညာတွေနဲ့ပေါင်းစပ်ပြီး စားသုံးကုန်နှင့် လူသုံးကုန် မျိုးစုံ တီထွန်ထုတ်လုပ်ရောင်းချနေကြတယ်၊ စားသောက်ဆိုင်တွေမှာလည်း ဝဥအစားအစာ ထည့်ရောင်းကြတာတွေရှိပါတယ်။ တစ်ချို့ ခန္ဓာကိုယ်ထိန်းသိမ်းချင်ကြတဲ့ တရုတ်နှင့် ကိုးရီးယားမတွေက ဝဥကိုပဲ အမြဲစားသုံးကြတယ်၊ ဘာဖြစ်လို့လဲဆိုတော့ စားသုံးရန် အသင့်ပြုလုပ်ထားတဲ့ဝဥကို အဝစားရင်တောင် ဗိုက်ခေါက်ထူပြီး လူဝလာတာ မရှိဘူး။ မြန်မာနိုင်ငံမှာလည်း ဝဥတုံ၊ ဝဥခေါက်ဆွဲမျိုးစုံဖြင့် ဖြန့်ချီရောင်းချကြသော်လည်း စားသုံးသူ သိပ်မရှိပါဘူး" ဟု ရွှေနယုန်ဝဥစက်ရုံအဖွဲ့ခေါင်းဆောင် ဦးပြည့်စုံအောင်က ပြောပြသည်။
ဆလိုင်းကိုကီး(မဟာဝိဇ္ဇာ)