ဖျာပုံ မတ် ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်၊ အမာမြို့ ဒေါ်ညိမ်းကျေးရွာအုပ်စု၊ ရွှေထီးကျေးရွာနှင့် ဘဝသစ်ကျေးရွာအုပ်စု၊ ခတ္တာကျွန်းကျေးရွာတို့တွင် လေပြင်း တိုက်ခတ်ခြင်း၊ ရေလှိုင်းရိုက်ခတ်မှုကြောင့် ယနေ့နံနက်ပိုင်းက ရွှေထီးကျေးရွာနှင့် ခတ္တာကျွန်းကျေးရွာတို့ရှိ လူနေအိမ်အချို့ အမိုးလန်ပျက်စီးခဲ့ကြောင်း သိရသည်။
အဆိုပါလေပြင်းတိုက်ခတ်မှုကြောင့် အမာမြို့ ဒေါ်ညိမ်းကျေးရွာအုပ်စု၊ ရွှေထီးကျေးရွာနှင့် ဘဝသစ်ကျေးရွာအုပ်စု၊ ခတ္တာကျွန်း ကျေးရွာတို့ရှိ နေအိမ်များသည် ပင်လယ်ကမ်းစပ် တစ်လျှောက်တွင် တည်ရှိ၍ ဓနိမိုး၊ ဓနိကာ၊ ဝါးခင်းလူနေအိမ်များဖြစ်ရာ မုန်တိုင်းဒီရေနှင့် အတူ လေပြင်းတိုက်ခတ်မှုကြောင့်၊ အမာမြို့ ဒေါ်ညိမ်းကျေးရွာအုပ်စု ရွှေထီးကျေးရွာတွင် ယနေ့နံနက် (၃)နာရီအချိန်က လေပြင်းတိုက်ခတ်မှုကြောင့် ဓနိမိုး၊ ဓနိကာ၊ ဝါးခင်းလူနေအိမ် (၅)လုံး၊ လူဦးရေကျား(၁၂)ဦး၊ မ(၁၅)ဦးနှင့်ဘဝသစ်ကျေးရွာအုပ်စု၊ ခတ္တာကျွန်း ကျေးရွာတွင် ယနေ့နံနက်(၉)နာရီအချိန်က လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်(၁)လုံး၊ လူဦးရေကျား (၂)ဦး၊ စုစုပေါင်းလူနေအိမ်(၆)လုံးနှင့် လူဦးရေကျား(၁၄)ဦးနှင့် မ(၁၅)ဦးတို့အား သက်ဆိုင်ရာ ကျေးရွာများရှိ ရွှေထီးစကူးရှယ်တာနှင့် ခတ္တာကျွန်း Cyclone Shelter သို့ ပို့ဆောင် ပြောင်းရွေ့ထားပြီး ၎င်းတို့၏နေထိုင်စားသောက်မှုများကို ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့၏ ဦးဆောင်မှုဖြင့် သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးအဖွဲ့မှ စီစဉ်ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရှိရသည်။
အောင်ဝင်းနိုင်(ခရိုင်ပြန်/ဆက်)