ပန်းတနော်မြို့၌ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်ပ

ပန်းတနော် မတ် ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ (Deep Depression) မုန်တိုင်းနှင့် ပတ်သက်၍ သဘာဝဘေးအန္တရာယ် ကျရောက်လာပါက ကြိုတင်ကာကွယ်ရေးအတွက် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးစီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးအောင်က မုန်တိုင်းအထူးသတိပေးချက်ကို အမြဲနားစွင့်ထားဖို့လိုကြောင်း၊ မုန်တိုင်းနှင့် ပတ်သက်၍ သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်လာပါက အချိန်နှင့် တစ်ပြေးညီ သတင်းပို့တင်ပြနိုင်ရေး ဆောင်ရွက်ရန်၊ အရေးပေါ်ကယ်ဆယ်ရေး လုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရန် ကြိုတင်ပြင်ဆင်ထားကြရန်၊ ကြိုတင် ကာကွယ်ရေးနှင့် ကယ်ဆယ်ရေးအတွက် အစုအဖွဲ့များ ဖွဲ့စည်းထားပြီး မိမိတို့ကျရာ ကဏ္ဍ အလိုက် ဆောင်ရွက်ကြစေလိုကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

အစည်းအဝေးသို့ မြို့နယ်သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးစီမံခန့်ခွဲမှု ကော်မတီဝင် များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီး ဌာနက မုန်တိုင်းအန္တရာယ် သတိပေးချက်ထုတ်ပြန်ထားသည့်အတွက် ပန်းတနော်မြို့နယ် အတွင်းရှိ ပြည်သူများ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် မုန်တိုင်းအန္တရာယ် သိရှိရန်အတွက် ရပ်ကွက်ကျေးရွာများသို့ အချိန်နှင့်တစ်ပြေးညီ လိုက်လံအသိပေးနှိုးဆော် လျက်ရှိကြောင်း သိရသည်။

ပြည့်ဖြိုးကျော် (ပြန်/ဆက်)