တောင်ငူ မတ် ၂၂
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်တွင် ယခုနှစ် နွေစပါးစိုက်ပျိုးမှုကို ဧကပေါင်း ၁၇၇၀၃ ဧက စိုက်ပျိုးထားနိုင်ပြီး လျာထားချက်ထက် ၁၁၃၀ ဧက ကျော် ပိုမိုစိုက်ပျိုးထားနိုင်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
တောင်ငူမြို့နယ်အနေဖြင့် ယခုနှစ်နွေစပါးစိုက်ပျိုးမှုကို ကျေးရွာ အုပ်စုပေါင်း ၃၀ အုပ်စုရှိ ကွင်းပေါင်း (၁၀၁) ကွင်းတွင် စပ်မျိုးစပါး ဖြစ်သည့် နယူးဧရာ -၁၊ အထွက်ကောင်း မျိုးများဖြစ်ကြသည့် နှံကောက်၊ ရက် ၉၀၊ ဗျော့ထွန်း ၊ ဆင်းသုခ ၊ မှော်ဘီ -၃ ၊ နယူးဧရာ (၁၂) နှင့် အဆင့်မြင့်မျိုးများအဖြစ် ပြည်တော်ဝင်၊ ကောက်ညှင်းမွှေး စသည့် စပါးမျိုးများကို တောင်သူ ၄၄၈၅ ဦးက စိုက်ပျိုး ထားလျက်ရှိပြီး မျိုးစေ့ထုတ် စိုက်ဧကပေါင်း (၅၀၀) ကျော်ကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ စနစ်တကျ စိုက်ပျိုးထားလျက်ရှိသည်။
လာမည့် စိုက်ပျိုးရာသီတွင် စိုက်ပျိုးဧကများ တိုးချဲ့စိုက်ပျိုးနိုင်ရန်လျာထား ဆောင်ရွက်ထားလျက်ရှိကြောင်း၊ ဒေသနှင့် ကိုက်ညီသည့် သက်လျင်အထွက်ကောင်းစပါးမျိုးများကို တောင်သူများ အားထားစိုက်ပျိုးနိုင်ရေးအတွက် မျိုးကောင်းမျိုးသန့်များ ရရှိရေးကို အဓိကထားစိုက်ပျိုးလျက်ရှိကြောင်း၊ နွေစပါးစိုက်ပျိုးထုတ်လုပ်ရာတွင် စီးပွားရေးအရ တွက်ခြေ ကိုက်သည့် အထွက် ကောင်းပြီး အရည်အသွေးကောင်းမျိုးများကို တောင်သူများ ပိုမိုကျယ်ပြန့်စွာ စိုက်ပျိုးသွားနိုင်ရန် ဆောက်ရွက်လျက်ရှိသည့်အပြင် တောင်သူတစ်ဦးချင်းစီ၏ ဝင်ငွေနှင့် ဒေသဝမ်းစာဖူလုံမှုကို ပိုမိုတိုးတက်စေရန် ရည်ရွယ်ချက်များနှင့်အညီ ဆောင်ရွက်လျက် ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးနိုင်မင်းလှိုင်ထံမှ သိရသည်။
ခရိုင်(ပြန်/ဆက်)