ပွင့်ဖြူ ဩဂုတ် ၃၁
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ ကိုဗစ် - ၁၉ ကာလအတွင်း စီးပွားရေးထိခိုက်မှုများအပေါ် သက်သာစေရေးအတွက် မွေးမြူရေးလုပ်ငန်းဖြင့် မိသားစုဝင်ငွေတိုးပွားစေရေး (CERP) အစီအစဉ်ဖြင့် ဖွင့်လှစ်သည့် ကျွဲနွားမွေးမြူရေးသင်တန်းဆင်းပွဲကို ဩဂုတ် ၂၉ ရက် ၊ မွန်းလွဲ ၁ နာရီက ပွင့်ဖြူမြို့၊ သက်တော်ရှည်ရပ်ကွက်ဓမ္မာရုံ၌ ကျင်းပသည်။
သင်တန်းဆင်းပွဲတွင် ပွင့်ဖြူမြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာသန့်ဇော်ထွေး က သင်တန်းမှ လေ့ကျင့်သင်ကြားပေးခဲ့သော ကျွဲနွားမွေးမြူရေးဆိုင်ရာသင်ခန်းစာများကို မိသားစုဝင်ငွေတိုးပွားစေရန် အကျိုးရှိရှိ ဆောင်ရွက်လုပ်ကိုင်ကြရန် ဆွေးနွေးမှာကြားသည်။ ဆက်လက်၍ မြို့နယ်မွေးမြူရေးလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဆင့် က သင်တန်းဖွင့်လှစ်သင်ကြားပေးမှုအပေါ် သင်တန်းသားများကိုယ်စား ကျေးဇူးတင်စကား ပြောကြားသည်။ ထို့နောက် လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာသန့်ဇော်ထွေးနှင့် တာဝန်ရှိသူများက သင်တန်းတွင် ထူးချွန်ဆုရရှိသူများကို ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်၍ သင်တန်းသားများအတွက် သင်တန်းဆင်းလက်မှတ်များနှင့် သင်တန်းစရိတ် ထောက်ပံ့ငွေ များကို ပေးအပ်ချီးမြှင့်ခဲ့သည်။
အဆိုပါ ကျွဲနွားမွေးမြူရေးသင်တန်းကို ပွင့်ဖြူမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း (၁၇)ရွာမှ သင်တန်းသားဦးရေ ၂၀ ဦး တက်ရောက်သင်ကြားခဲ့ကြောင်း သိရကာ သင်တန်းတွင် အခြေခံကျွဲနွားမွေးမြူရေးနည်းစနစ်နှင့် ဒေသနွားမျိုးများအကြောင်း သိကောင်းစရာများ၊ ကျွဲနွားတိရစ္ဆာန်များတွင် ဖြစ်ပွားတတ်သော ကူးစက်ရောဂါများနှင့် ကာကွယ်ကုသနည်း စနစ်များ၊ တိရစ္ဆာန်အစာ ဖူလုံရေး စားကျက်စိုက်ပျိုးရေးနည်း စနစ်များကို ဩဂုတ် ၂၇ ရက်နေ့မှ ၂၉ ရက်နေ့အထိ (၃)ရက်ကြာ စာတွေ့ လက်တွေ့ ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)