လှိုင်းဘွဲမြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်နှင့်၎င်းတို့မှ မွေးဖွားလာသောအသက်(၂)အောက် ကလေးသူငယ်များအား တတိယကြိမ်နှင့် စတုတ္ထအကြိမ် ( MCCT ) ထောက်ပံ့ငွေများ ပေးအပ်

 

လှိုင်းဘွဲ    ဩဂုတ် ၃၁

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်အတွင်းရှိ ၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ် ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မ ှမွေးဖွားလာသော အသက်(၂)နှစ် အောက် ကလေးသူငယ်များအား တတိယအကြိမ်နှင့်စတုတ္ထအကြိမ်( MCCT )ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယနေ့နံနက်(၉)နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် ကရင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစောချစ်ခင်က အဖွင့်အမှာစကားပြောကြားပြီး ကရင်ပြည်နယ် လူမှုဝန်ထမ်းရုံး ညွှန်ကြားရေးမှူး ဒေါ်မြမာလာစိုးက MCCT ထောက်ပံ့ငွေပေးအပ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစောချစ်ခင်က လှိုင်းဘွဲမြို့နယ်အတွင်းရှိ တတိယအကြိမ်နှင့်စတုတ္ထအကြိမ် MCCT အကျိုးခံစားခွင့်ရှိသူ ကိုယ်ဝန်ဆောင် မိခင်(၁၈၄၇၁)ဦး၊ ကလေး(၅၃၃၆)ဦး အတွက် ထောက်ပံ့ငွေ (၁၀၇၁၃၁၅၀၀၀)ကျပ်ကို မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမင်းသိန်းထံသို့လည်းကောင်း၊ ပိုင်ကျုံမြို့အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်(၅၅၆၀)ဦး၊ကလေး(၁၆၁၂)ဦးအတွက် ထောက်ပံ့ငွေ(၃၂၂၇၄၀၀၀၀) ကျပ်ကို မြို့အုပ်ချုပ်ရေးမှူး ဦးထွန်းရန်အောင် ထံသို့လည်းကောင်း၊ ရှမ်းရွာသစ်မြို့ အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်(၁၈၂၅)ဦး၊ ကလေး(၅၉၅)ဦးအတွက် ထောက်ပံ့ငွေ (၁၀၈၉၀၀၀၀၀)ကျပ်ကို မြို့အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းအောင်ထံသို့လည်းကောင်း အသီးသီး လွှဲပြောင်း ပေးအပ်ခဲ့သည်။

ဆက်လက်၍  ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်ချို၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစောချစ်ဦးနှင့်ဒေါ်နန်းမိုးမိုးထွေးတို့က ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ် အောက် ကလေးသူငယ်များထံသို့ ထောက်ပံ့ငွေများကို အသီးသီး ပေးအပ်ခဲ့ပြီး ထောက်ပံ့ငွေများကို သက်ဆိုင်ရာ  ရပ်ကွက်/ကျေးရွာအုပ်ချုပ်မှူးများထံသို့ လွှဲပြောင်းပေးအပ်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

ခင်စန်းမြင့်(ပြန်/ဆက်)