ဘားအံ ဩဂုတ် ၃၁
ကရင်ပြည်နယ်၊ ဘားအံမြို့တွင် သံလွင်မြစ်ရေ မြင့်တက်မှုကြောင့် မြို့ပေါ်အနိမ့်ပိုင်း ရပ်ကွက်များရှိ အိမ်ထောင်စုများအား ယာယီရေဘေးစခန်းများတွင် နေရာ ချထားပေးခဲ့ရာ ရေဘေးသင့်ပြည်သူ့များ နေထိုင်သည့် ယာယီရေဘေးစခန်းများရှိအိမ်ထောင်စုများ မိမိနေအိမ်သို့ ပြန်လည်နေထိုင် ကြသဖြင့် ယမန်နေ့ နံနက်ပိုင်းကစတင်ကာ ယာယီရေဘေးစခန်းများ ပိတ်သိမ်းခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ဘားအံမြို့သံလွင်မြစ်ရေသည် စိုးရိမ်ရေမှတ် ၇၅၀ စင်တီမီတာအထက် ၈၇၂ စင်တီမီတာသို့ အမြင့်ဆုံး ကျော်လွန်ရောက်ရှိခဲ့ရာ ဩဂုတ်လ(၂၄)ရက်နေ့၊ ညနေပိုင်း ကစတင်ကာ ရွှေယဉ်မျော် ယာယီရေဘေးစခန်း၊ မိုးလုံလေလုံအားကစားရုံယာယီရေဘေးစခန်း၊ Cyclone Shelter ယာယီ ရေဘေးစခန်း၊ လေသာဘုန်းတော်ကြီး ကျောင်းယာယီရေဘေးစခန်း၊ အမက(၈) ကျောင်းယာယီ ရေဘေးစခန်း၊ မူလတန်းလွန်၃ကျောင်းယာယီ ရေဘေးစခန်း၊ လှာကမြင်အဆင့်မြင့် အားကစားရုံ ယာယီရေဘေးစခန်း၊ အစ္စလာမ်ကျောင်းယာယီရေဘေးစခန်း စုစုပေါင်း ယာယီရေဘေးစခန်း(၈)ခု ဖွင့်လှစ်ထားခဲ့ရကြောင်း သိရသည်။
ရေဝင်ရောက်မှုပြန်လည်ကျဆင်းသွားပြီး ရေဘေးစခန်းများရှိ အိမ်ထောင်စုများ မိမိနေအိမ်သို့ ပြန်လည်နေထိုင်ကြသဖြင့် ဩဂုတ်လ(၂၉)ရက်နေ့၊ နေ့လည်ပိုင်းက ယာယီရေဘေးစခန်း(၅)ခု ပိတ်သိမ်းပြီး ဩဂုတ်လ (၃၀)ရက်နေ့နံနက်ပိုင်းက စိုးရိမ်ရေမှတ် ၇၅၀ စင်တီမီအောက်ရောက်ရှိ သွားသဖြင့် ထပ်မံ၍ကျန်ရှိသည့် မိုးလုံလေလုံအားကစားရုံ ယာယီရေဘေးစခန်း၊ Cyclone Shelter ယာယီရေဘေး စခန်း၊ အမက(၈)ကျောင်း ယာယီ ရေဘေးစခန်း(၃)ခု အပြီးသပ် ပိတ်သိမ်းခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
နေမျိုးလွင် (ပြန်/ဆက်)